လွိုင်ကော် ၁၀ နိုဝင်ဘာ
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့ပြနှင့် ကျေးရွာများ ပြိုင်တူဖွံ့ဖြိုးတိုးတက်စေရန် ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက်သာမက ကျေးရွာအုပ်စုများ၊ ကျေးရွာများပါမကျန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အုပ်ချုပ်မှုအဖွဲ့အစည်းများ၏ စည်းရုံးလှုပ်ရှားမှု၊ ပြည်သူလူထုများနှင့် ကျောင်းသား ကျောင်းသူများ၏ စိတ်ပါဝင်စားစွာ တစ်ခဲနက်ပါဝင်လှုပ်ရှားမှုတို့ဖြင့် လူထုစုပေါင်း လမ်းလျှောက်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်အချိန်က လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်စုရပ်အဖြစ် စတင်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်သည်။
အဆိုပါ လူထုလမ်းလျှောက်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်ဦးဆောင်၍ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လွိုင်လင်လေးမြို့ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူလူထုများ၊ ကျောင်းသားကျောင်းသူများ အင်အား(၅၀ဝ)ကျော်တို့က ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြသည်။
ရှေးဦးစွာ လူထုလမ်းလျှောက်ပွဲကို လွိုင်လင်လေးမြို့၊ အုပ်ချုပ်ရေးမှူး ဦးရန်မျိုးကျော်မှ သေနတ်ပစ်ဖောက် ဖွင့်လှစ်ပေးပြီး အုပ်ချုပ်ရေးမှူးရုံးရှေ့စုရပ်မှစတင်လမ်းလျှောက်ခဲ့ကြရာ လွိုင်ကော်-ဆီဆိုင် လမ်းမကြီးအတိုင်း လမ်းလျှောက်ကြပြီး မီးသတ်ရုံးရှေ့မှ မြို့တွင်းကိုဖြတ်၍ ထီးစဲခါးဘုန်းကြီးကျောင်း အနီး၊ ထိုမှတစ်ဆင့် လာလမ်းအတိုင်း ပြန်လည်လမ်းလျှောက်၍ လွိုင်လင်လေး အခြေခံပညာအထက်တန်းကျောင်း စုရပ်သို့ ဆက်လက်လမ်းလျှောက်ခဲ့ကြသည်။
ထို့နောက် လွိုင်လင်လေး အခြေခံပညာအထက်တန်းကျောင်း၌ ကိုယ်ကာယလေ့ကျင့်ခန်း အတွဲအမှတ်(၁)၊ (၂)နှင့် ဇွန်းဘား အားကစားလေ့ကျင့်ခန်းတို့ကို တပျော်တပါး စုပေါင်းဆောင်ရွက်ခဲ့ကြပြီး လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများအား အုပ်ချုပ်ရေးမှူးက ကောက်ညှင်းပေါင်းနှင့် အကြော်များ ဝေငှပေးပြီးနောက် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် သံဗုံးရိုက်ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
လွိုင်ကော်သား


