မကွေး ၁၆ ဒီဇင်ဘာ
“ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်ပွဲတော်နွဲပျော်စို့” ဆိုသည့်ဆောင်ပုဒ် နှင့်အညီ လူငယ်ဘက်စုံဖွံ့ဖြိုး ရေးပွဲတော်ကို မကွေးတိုင်းဒေသကြီး မကွေးတက္ကသိုလ်၌ ဒီဇင်ဘာ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှ စတင်၍ ပိတ်ပွဲနေ့ အားကစားပြိုင်ပွဲများ ဆက်လက် ကျင်းပလျှက် ရှိသည်။

အဆိုပါ ပွဲတော်တွင် အားကစားလှုပ်ရှားမှုအဖြစ် အပန်းဖြေအားကစားပြိုင်ပွဲများ၊ ယှဉ်ပြိုင် အားကစား ပြိုင်ပွဲများ၊ အားကစားသရုပ်ပြပွဲများကို မကွေးတက္ကသိုလ်ဘောလုံးလေ့ကျင့်ရေးကွင်း၌ တစ်ဦးချင်း ပြိုင်ပွဲများအဖြစ် ခေါင်းအုံးရိုက်(ကျား/မ)၊ ကြံ့ခိုင်စွမ်း ရည်ပြိုင်ပွဲ (ကျား/မ)၊ ဘောလုံးဂိုးသွင်း(ကျား/မ)၊ ဘတ်စကက်ဘော ဂိုးသွင်းပြိုင်ပွဲ(ကျား/မ)၊ သုံး ချောင်းထောက် အပြေးပြိုင် ပွဲ(ကျား/မ)၊ ဂုန်နီအိတ်စွပ် အပြေးပြိုင်ပွဲ(ကျား/မ) ပြိုင်ပွဲများကို လည်းကောင်း၊ အသင်းလိုက် ပြိုင်ပွဲများအဖြစ် လွန်ဆွဲ (ကျား/မ)၊ ထုပ်ဆီးထိုး(မ) ပြိုင်ပွဲများကို လည်းကောင်း၊ တက္ကသိုလ် ပေါင်းစုံ ပြိုင်ပွဲအဖြစ် မကွေးတက္ကသိုလ် အားကစား ခန်းမ၌ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲများကိုလည်းကောင်း၊ သရုပ်ပြ အားကစားနည်းများကို မကွေးတက္ကသိုလ် အားကစားခန်းမ၌ ဝူရှူး၊ မြန်မာ့သိုင်း၊ Myanmar Fitness Dance စသည့် အားကစားနည်းများကို ယနေ့တွင် နောက်ဆုံးနေ့ ပွဲစဉ်များအဖြစ် ဆက်လက် ကျင်းပလျှက်ရှိရာ ပြိင်ပွဲဝင် အားကစားသမားများ ကျောင်းသား ကျောင်းသူများ အနယ်နယ်အရပ်မှ ကြည့်ရှု အားပေးသည့် ပရိတ်သတ်များဖြင့် စည်ကားလျှက်ရှိသည်။
ဆုကြေးငွေများအဖြစ် ဘော်လီဘော(ကျား/မ)ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း(ကျား)ပြိုင်ပွဲ၊ လွန်ဆွဲ(ကျား/ မ)ပြိုင်ပွဲ၊ ထုပ်ဆီးထိုး(မ) ပြိုင်ပွဲများတွင် ပထမဆု(၅)သိန်း၊ ဒုတိယဆု(၃)သိန်း၊ တတိယဆု(၂)သိန်း၊ စတုတ္ထဆု (၁) သိန်း၊ ခေါင်းအုံးရိုက်(ကျား/မ)ပြိုင်ပွဲ၊ ကြံ့ခိုင်စွမ်းရည် (ကျား/မ)ပြိုင်ပွဲ၊ သုံးချောင်းထောက် (ကျား/မ)ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ် (ကျား/မ)ပြိုင်ပွဲ၊ ဘတ်စကက်ဘော ဂိုးသွင်း(ကျား/မ) ပြိုင်ပွဲများတွင် ပထမဆု ငွေကျပ် ၁၅၀ဝ၀၊ ဒုတိယဆု ငွေကျပ် ၁၀ဝ၀ဝ ၊ တတိယဆု ကျပ် ၅၀ဝ၀ ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အားကစားဆိုင်ရာ ဓါတ်ပုံပြပွဲများအဖြစ် လူထုအားကစား လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ ပြည်တွင်းရှိ အားကစားကွင်း/ရုံများ၏ မှတ်တမ်းဓါတ်ပုံများ၊ (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မှတ်တမ်းဓါတ်ပုံများ၊ အမျိုးသား အားကစား ပြိုင်ပွဲများ ကျင်းပခဲ့သည့် မှတ်တမ်းဓါတ်ပုံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများ အပါအဝင် ပြည်တွင်း အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည့် မှတ်တမ်းဓါတ်ပုံများ၊ နိုင်ငံတကာ အားကစား ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင် အောင်မြင်မှု ရရှိခဲ့သည့် မှတ်တမ်းဓါတ်ပုံများ၊ နိုင်ငံ့ ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ၏ မှတ်တမ်း ဓါတ်ပုံများ၊ အားကစားနှင့် ကာယပညာ (သိပ္ပံ) များ၏ သင်ကြားလေ့ကျင့်မှု မှတ်တမ်းဓါတ်ပုံ များကို ထည့်သွင်းပြသထားကြောင်း သိရသည်။
နိုင်ဝင်း(တောင်တွင်းကြီး)၊ လှဝင်း(နတ်မောက်)ပြန်/ဆက်