၂၀၁၉ ခုနှစ်၊ မေလ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်

နေပြည်တော် ၁၈  မေ

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မေ ၁၈ ရက် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်၌ အနောက်တောင်မုတ်သုံလေသည် မေလ (၂၁ - ၂၃)ရက် အတွင်း မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများသို့ လည်ကောင်း၊ မေလ (၂၄ - ၂၈)ရက်အတွင်း မြစ်ဝကျွန်း ပေါ်ဒေသများသို့ လည်ကောင်း၊ မေလ(၂၉) ရက်နေ့မှ ဇွန်လ (၃)ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ သို့လည်ကောင်း ဝင်ရောက်နိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ပါသည်။ ဘင်္ဂလားပင်လယ် အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူ ထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။

 

မိုးအခြေအနေနှင့် မိုးရွာရက်

 

၂။ မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာနိုင်ပါသည်။

 

၃။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆)ရက်မှ (၈)ရက်ခန့်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ကယား ပြည်နယ်တို့တွင် (၃)ရက်မှ (၅)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

နေ့အပူချိန်

 

၄။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် မေလပုံမှန်အပူချိန်၏ (၁.၅)ဒီဂရီ စင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပုံမှန် အပူချိန်ခန့်သာ ရှိနိုင်ပါသည်။

 

MDN