နေပြည်တော်  ၈   ဧပြီ

 

၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ မိတ္ထီလာမြို့အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများက “စေတနာပန်းလန်းရာမြေ” စာတတ်မြောက်ရေးဂုဏ်ပြုသီချင်းကို သီဆို၍ အခမ်းအနားကိုဖွင့်လှစ်သည်။

 

ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီနာယက၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင်  ပညာရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် မန္တလေးတိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို မိတ္ထိလာခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိတ္ထီလာခရိုင်နှင့် မြင်းခြံခရိုင်ဖွင့်ပွဲ အခမ်းအနားများကို ယနေ့ကျင်းပပြီး ညောင်းဦးခရိုင်ဖွင့်ပွဲအား ဧပြီ ၉ ရက်တွင် ကျင်းပသွား မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံစာတတ်မြောက်ရေးလှုပ်ရှားမှု၏ အောင်မြင်မှုရလဒ်အဖြစ် ကုလသမဂ္ဂ၊ ယူနက်စကိုအဖွဲ့က ချီးမြှင့်သည့် မိုစဟာမက်ရီဇာပါလာဗီဆုနှင့် နိုမာဆုများ ကို ၁၉၇၁ ခုနှစ် ၁၉၈၃ ခုနှစ်များတွင် အသီးသီးရရှိခဲ့သည်အထိ အောင်မြင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာရေရှည် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် (၄)  အရ အားလုံးအကျုံးဝင်၍ မျှတသော အရည်သွေးပြည့်ဝသည့်ပညာရေးနှင့် အားလုံးအတွက်ဘဝတစ်သက်တာ သင်ယူမှုရရှိရေး အာမခံဆောင်ရွက်နိုင်ရန်အတွက် အင်ချွန်းကြေညာချက်၏ လုပ်ငန်းစဉ်မူဘောင်တွင် ပါရှိသည့် “၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်ရှိလူငယ်နှင့် အရွယ်ရောက်သူအမျိုးသားနှင့် အမျိုးသမီးများ အားလုံးအရေး၊ အဖတ်နှင့် အတွက် တတ်မြောက်စေရေး” ရည်မှန်းချက်ပန်းတိုင် များပြည့်မီအောင် ပညာရေးမဟာဗျူဟာစီမံကိန်းများ ဆောင်ရွက်အကောင်အထည်ဖော်လျက် ရှိပါကြောင်း။

 

မြန်မာနိုင်ငံ၏၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနှင့် နောက်ဆက်တွဲပါ အစီရင်ခံစာများအရ နိုင်ငံလူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် လူဦးရေ ၅ သန်းကျော်သည် အခြေခံ မြန်မာစာအရေး၊ အဖတ်၊ အတွက် တတ်မြောက်မှုမရှိသေး သူများဖြစ်နေကြသည်ကို အစီရင်ခံစာများအရတွေ့ရှိရပါကြောင်း။

 

ထို့ကြောင့်ကမ္ဘာနိုင်ငံများနည်းတူ ဖွံဖြိုးမှုအညွှန်းကိန်းတိုးတက်လာရေးအတွက် ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းပညာရေး(Formal Education- FE) လုပ်ငန်းအစီအစဉ်နှင့်အတ ူကျောင်းပြင်ပပညာရေး (Non- Formal Education – NFE ) လုပ်ငန်းအစီအစဉ်များကိုလည်းတိုးချဲ့ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနကို ၂၀၁၆- ခုနှစ်မှစတင်ပြီး အသစ်တိုးချဲ့ဖွင့်လှစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယနေ့စတင်ဆောင်ရွက်သည့် မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင် စာတတ်မြောက်ရေးလုပ်ငန်းများတွင်သင်ယူရန်အတွက် စာရင်းပေးသွင်းထားသည့် အသက်အုပ်စု (၁၅)နှစ်နှင့်အထက် သင်ယူသူ(၈၉၄၁)ဦးကိုတက္ကသိုလ်/ကောလိပ် အသီးသီးမှ စေတနာလုပ်အားပေးနည်းပြကျောင်းသားကျောင်းသူများ၊ ကြီးကြပ် ဆရာဆရာမများစုစုပေါင်း (၁၇၃၃)ဦးက ပညာဒါနပြု သင်ကြားပေးကြမည်ဖြစ်ပါကြောင်း။

 

ယခုမိတ္ထီလာခရိုင်အတွင်းမှာ သင်ယူသူစာသင်သား(၅၇၉၂)ဦးအား စာသင်ဝိုင်းပေါင်း (၅၀၁) ဝိုင်းဖြင့် မိတ္ထီလာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)၊ နည်းပညာတက္ကသိုလ် (မိတ္ထီလာ)၊တို့မှ စေတနာလုပ်အားပေးတက္ကသိုလ် ကျောင်းသားကျောင်းသူ (၁၀၅၂)ဦးတို့ က (၁)ရက်ပျမ်းမျှ(၃)နာရီနှုန်း၊ ရက်အားဖြင့်(၄၀)၊ နာရီအားဖြင့် (၁၂၀) ကြာအောင် စာတတ်မြောက်ရေး သင်ကြားပေးခြင်းနှင့်အတူ ဒေသနေပြည်သူများ၏ လူမှုဘဝမြင့်မား တိုးတက်ရေးအတွက် စာသင်ဝိုင်းတည်ရှိရာ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်အခြေချ နေထိုင်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် က အမှာစကားပြောကြားသည်။

 

ယင်းနောက်ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဖွင့်ပွဲတွင် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်သည်တော်များသည် ခင်းကျင်းပြသထားသည့် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်မှုပြခန်းအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

 

(သတင်းစဉ်)

 

DSC