နေပြည်တော် ၂၄ စက်တင်ဘာ

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ကို ယနေ့နံနက် ၇ နာရီခွဲမှစတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမနှင့် မဏိရတနာ ကျောက်စိမ်းဝင်းအတွင်း၌ ဆက်လက်ကျင်းပသည်။


ယနေ့ပြပွဲတွင် ပြည်တွင်းပြည်ပ ရတနာကုန်သည်များက စိတ်ကြိုက်ကြည့်ရှုလေ့လာ၍ ဈေးနှုန်းတင်သွင်းလွှာများ ရေးသားတင်သွင်းထားသည့် ကျောက်စိမ်းအတွဲအမှတ် (၅၂၁၂)မှ (၆၅၁၁)အထိ အတွဲပေါင်း(၁၃၀ဝ)ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရာ ကျောက်စိမ်းအတွဲ (၁၀၇၇)တွဲကို ယူရိုငွေ ၁၆၂ ဒသမ ၉၁၃ သန်းဖြင့် ရောင်းချသည်။


ပြပွဲတွင် ပြည်တွင်းပြည်ပ ရတနာကုန်သည်များက စက်တင်ဘာ ၂၅ ရက်တွင် ဆက်လက်ရောင်းချသွားမည့် ကျောက်စိမ်းအတွဲအမှတ် (၆၅၁၂)မှ (၇၈၁၁)အထိ ကျောက်စိမ်းတွဲများကို စိတ်ကြိုက်လှည့်လည်ကြည့်ရှုကြပြီး ဈေးနှုန်းတင်သွင်းလွှာ (Bidding Form) များကို တင်ဒါပုံများအတွင်း ထည့်သွင်းကြသည်။


ယနေ့ ပြပွဲတွင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ဖွင့်လှစ်ထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲနှင့် ပယင်းအချောထည် ပစ္စည်းဆိုင်များတွင်လည်း ပြည်တွင်းပြည်ပ ရတနာကုန်သည်အများအပြား ဝယ်ယူအားပေးလျက်ရှိသည်ကို တွေ့ရသည်။


သတင်း-မျိုးသူဟိန်း၊ ဓာတ်ပုံ-ထိန်နန်နော်