နေပြည်တော် ၁၇ စက်တင်ဘာ 

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမနှင့် မဏိရတနာကျောက်စိမ်းဝင်းအတွင်း ဆက်လက်ကျင်းပရာ ပြည်တွင်း/ပြည်ပ ရတနာကုန်သည်များက ရတနာပြပွဲတွင် ကျောက်မျက်ရတနာ ကုမ္ပဏီ/ လုပ်ငန်းရှင်များက တင်ပြရောင်းချသည့် ကျောက်စိမ်းအရိုင်းများ၊ ကျောက်စိမ်းအချောထည်များ၊ ကျောက်မျက်အရိုင်းများ၊ ကျောက်မျက် အချောထည်များ၊ ကျောက်စိမ်းနှင့်ဆင်တူသော ကျောက်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဝယ်ယူနိုင်ရန် စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

 

0244

 

ထို့ပြင် ယခုပြပွဲတွင် လက်ဝတ်ရတနာ၊ ရုပ်ထုရုပ်ထွင်း၊ ပုံဆောင်ခဲ၊ ကျောက်ကပ်ပန်းချီကားများ ရောင်းချသည့် စသည့်ရတနာဆိုင်များလည်း လာရောက်ဖွင့်လှစ် ခင်းကျင်းရောင်းချပေးလျက်ရှိသည်။

ယခုကျင်းပသည့် ၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အိတ်ဖွင့်တင်ဒါစနစ် တစ်မျိုးတည်းဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ပြီး ကျောက်မျက်အတွဲများကို စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ခင်းကျင်းပြသသွားမည်ဖြစ်ကာ စက်တင်ဘာ ၁၉ ရက်တွင် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ကျောက်မျက်အတွဲများအတွက် သတ်မှတ်ထားသည့် အခြေခံဈေးမှာ ယူရိုငွေ ၅၀ဝ နှင့်အထက်ဖြစ်ကြောင်း၊ ကျောက်စိမ်းအတွဲများကို စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်မှ ၂၅ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ကျောက်စိမ်းအရိုင်းအတွဲများအတွက် သတ်မှတ်ထားသည့် အခြေခံဈေးမှာ ယူရိုငွေ ၅၀ဝ၀ နှင့်အထက် ဖြစ်ပြီး ကျောက်စိမ်းအချောထည် အတွဲများအတွက် သတ်မှတ်ထားသည့် အခြေခံဈေးမှာ ယူရိုငွေ ၁၀ဝ၀ နှင့်အထက်ဖြစ်ကြောင်း၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် တင်ပြထားသည့် ကျောက်စိမ်းအတွဲများအထဲတွင် အခြေခံဈေး ယူရိုငွေ တစ်သန်းနှင့်အထက် သတ်မှတ်ထားသည့် ကျောက်စိမ်းအရိုင်းအတွဲ ၉ တွဲ ပါဝင်ကြောင်း သိရသည်။

ပြပွဲဧရိယာအတွင်း ဝင်ရောက်သည့်အခါ Radio-Frequency identification နည်းပညာအသုံးပြုထားသည့် RFID ဝင်ခွင့်ကတ်ပါ အချက်အလက်များနှင့် Finger Print များကို Shutter Gate များတွင် စစ်ဆေးပြီး Walk Through ကို ဖြတ်သန်းဝင်ရောက် စေလျက်ရှိပြီး လူနှင့်အတူပါလာသည့် ပစ္စည်းများကို X-Ray Machine Detector များဖြင့်စစ်ဆေးကာ လုံခြုံမှုရှိအောင် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြပွဲသို့တက်ရောက်လာသည့် ရတနာကုန်သည်များ ငွေထုတ်ယူမှုနှင့် ငွေလဲလှယ်မှုများ အဆင်ပြေစေရန် ATM စက်များနှင့် Money Changer များကိုလည်း မဏိရတနာကျောက်စိမ်းခန်းမအတွင်း စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ကျော်သူထက် (သတင်းစဉ်)