နေပြည်တော် ၂၅ စက်တင်ဘာ 


၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၅၈၄၅ တွဲကို ယူရိုငွေ ၅၀၆၅၃၅၄၁၇ ဖြင့် ရောင်းချခဲ့ရပြီး ကျောက်မျက်အတွဲ ၄၀ ကို ယူရိုငွေ ၃၇၈၈၈၉ ဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။


မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးမင်းသူက “အခုကျင်းပတဲ့ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ကျောက်မျက်အတွဲပေါင်း ၄၈၁ တွဲတင်ပြခဲ့ပြီး အတွဲ ၄၀ ရောင်းချခဲ့ရပါတယ်။ ကျောက်စိမ်းအတွဲပေါင်းက ၇၈၁၁ တွဲ တင်ပြခဲ့ပြီး အတွဲပေါင်း ၅၈၄၅ တွဲ ရောင်းချခဲ့ရပါတယ်။ ကျောက်မျက်အတွဲ ၄၀ ကို ယူရိုငွေ သုည ဒသမ ၃၇၈ သန်းနဲ့ ရောင်းချခဲ့ရပြီး ကျောက်စိမ်းအတွဲ ၅၈၄၅ တွဲကို ယူရိုငွေ ၅၀၆ ဒသမ ၅၃၅ သန်းနဲ့ ရောင်းချခဲ့ရပါတယ်။ အမြင့်ဆုံးဈေးရရှိခဲ့တဲ့ ကျောက်စိမ်းအတွဲရဲ့ တန်ဖိုးက ယူရိုငွေ ၁၆ ဒသမ ၃ သန်းဖြစ်ပြီး အနိမ့်ဆုံးရောင်းရတဲ့ အတွဲက ယူရိုငွေ ၅၀ဝ၀ ဝန်းကျင်ဖြစ်ပါတယ်။ ကျောက်စိမ်းကိုတော့ တရုတ်နိုင်ငံ ပြည်မကြီးဘက်က ကုန်သည်တွေ ဝယ်ယူတာများခဲ့ပြီး ကျောက်မျက်ကိုတော့ ထိုင်းနိုင်ငံက ကုန်သည်အများစုက ဝယ်ယူခဲ့ကြပါတယ်”ဟု ပြောသည်။


၂၀၁၈ ခုနှစ် ၅၅ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်း အတွဲပေါင်း ၆၇၉၅ တွဲတင်ပြခဲ့ရာ ၅၂၅၉ တွဲရောင်းချခဲ့ရပြီး ၄၂၆၀ တွဲကိုသာ ငွေပေးချေမှုရှိခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ် ၅၆ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၆၉၇၃ တွဲတင်ပြခဲ့ရာ ၅၂၆၃ တွဲရောင်းချခဲ့ရပြီး ၄၃၃၉ တွဲသာ ငွေပေးချေမှုရှိခဲ့ကြောင်း သိရသည်။


မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာက “ရတနာကုန်သည်တွေကို အာမခံစပေါ်ငွေ ၁၀ ရာခိုင်နှုန်း ကြိုတင်ပေးသွင်းခိုင်းပါတယ်။ တစ်သိန်းတန်ကျောက်တွဲကို ဝယ်ယူလိုရင် တစ်သောင်းသွင်းထားမှ အဲဒီတစ်သိန်းတန် ကျောက်တွဲကို ရောင်းပေးတာဖြစ်ပါတယ်။ ဝယ်ယူထားတဲ့ကျောက်တွဲကို ငွေမချေရင် စပေါ်တင်ထားတဲ့ငွေ ၁၀ ရာခိုင်နှုန်းကို သိမ်းပါတယ်။ အဲဒီစနစ်နဲ့ အခုသွားနေပါတယ်။ ရတနာကုန်သည်တွေကို ပွဲပယ်ပြစ်ဒဏ်နဲ့ Black list စာရင်းသွင်းတာတွေ မရှိတော့ပါဘူး” ဟု ပြောသည်။


ယခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို စက်တင်ဘာ ၁၆ ရက်မှ ၂၅ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမနှင့် မဏိရတနာကျောက်စိမ်းဝင်းအတွင်း ၁၀ ရက်တာ ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ ရတနာကုမ္ပဏီ ၃၃၂၅ ခုမှ ကုန်သည် ၅၀ဝ၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။


ကျော်သူထက် (သတင်းစဉ်)
ဓာတ်ပုံ - ကျော်ရဲဆွေ