၂၀၁၉ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် ၃၁  မတ် 

 

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ဖွင့်လှစ်သည့် ၂၀၁၉ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျိုက္ကဆံကွင်းရှိ ပြေးခုန်ပစ် အားကစားကွင်း၌ ကျင်းပသည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်၍ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ 

 

1

 

ဆက်လက်၍ သင်တန်းနည်းပြဆရာများက အားကစားနည်းအလိုက် လက်ရည်စစ် အားကစားပြိုင်ပွဲတွင် ဆုရရှိကြသည့် သင်တန်းသား/သင်တန်းသူများအား ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကရာတေးဒို၊ တိုက်ကွမ်ဒို၊ ဘောလုံး၊ ဂျူဒို၊ တင်းနစ်၊ ရေကူး၊ ကြက်တောင်နှင့် Aerobic အားကစားနည်းအလိုက် သင်တန်းသား/သင်တန်းသူများက သရုပ်ပြသပြီး မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ  Fitness Dance အကများဖြင့် သရုပ်ပြသကြသည်။

 

နွေရာသီ အခြေခံအားကစားသင်တန်းကို မတ်(၁)ရက်မှ (၃၁)ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၁၀ဝ၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

2