သိဟ်သူရိန်
ဒီနှစ်အတွက် စီးပွားရေးပညာနိုဘယ်ဆုကို စီးပွားရေးပညာရှင်သုံးဦး ပူးတွဲရရှိခဲ့ကြောင်း ၁၄-၁၀-၂၀၁၉ရက်နေ့မှာ The Royal Swedish Academy of Sciences က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ The Royal Swedish Academy of Sciences အတွင်းရေးမှူးချုပ် Prof. Goran Hansson ကယခုနှစ်အတွက် စီးပွားရေးပညာနိုဘယ်ဆုကို အမေရိကန်နိုင်ငံ မက်ဆာချူးဆက်နည်းပညာ တက္ကသိုလ်မှ ပါမောက္ခများဖြစ်ကြတဲ့ ပါမောက္ခ အာဘီဂျစ်ဘန်နာဂျီ (Prof. Abhijit Banerjee) နှင့် ပါမောက္ခအက်စတာ ဒီဖလို (Prof. Esther Duflo) တို့နှစ်ဦးနဲ့ ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခမိုက်ကယ် 28800 (Prof. Michael Kremer) စုစုပေါင်း စီးပွားရေးပညာရှင်သုံးဦး ဆုပူးတွဲရရှိခဲ့ကြောင်း၊ သူတို့ဖော်ထုတ်ခဲ့တဲ့ ကမ္ဘာ့ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး စမ်းသပ်လေ့လာမှု နည်းလမ်း (their experimental approach to alleviating global poverty) အတွက် ဆုပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
Mr. Goran က ဆက်လက်ပြီး ဆုရရှိသူတွေအကြောင်း အကျဉ်းချုပ်ပြောကြားရာမှာ ဒေါက်တာအာဘီဂျစ်ဘန်နာဂျီကို အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ၁၉၆၁ ခုနှစ်က မွေးဖွားခဲ့ပြီး သူ့ရဲ့ ဒေါက်တာဘွဲ့ကို အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ ၁၉၈၈ ခုနှစ်တွင် ရရှိခဲ့ကြောင်း၊ လက်ရှိသူဟာ အမေရိကန်နိုင်ငံ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှာ Ford Foundation International Professor of Economics အဖြစ် တာဝန်ထမ်းဆောင် နေကြောင်း၊ ဒေါက်တာအက်စတာဒီဖလိုကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ၁၉၇၂ ခုနှစ်က မွေးဖွားခဲ့ပြီး သူမရဲ့ ဒေါက်တာဘွဲ့ကို အမေရိကန်နိုင်ငံ မက်ဆာချူးဆက် နည်း ပညာတက္ကသိုလ်က ၁၉၉၉ ခုနှစ်မှာ ရရှိခဲ့ကြောင်း၊ လက်ရှိ MIT မှာ Abdul Latif Jameel Professor of Poverty Alleviation and Development Economics အဖြစ်တာဝန်ထမ်းဆောင်နေကြောင်း၊ ဒေါက်တာ မိုက်ကယ် ခရိမ်မာကို အမေရိကန် ပြည်ထောင်စုမှာ ၁၉၆၄ ခုနှစ်က မွေးဖွားခဲ့ပြီး သူ့ရဲ့ ဒေါက်တာဘွဲ့ကို ဟားဗတ်တက္ကသိုလ်မှ ရရှိခဲ့ကြောင်း၊ လက်ရှိဟားဗတ်တက္ကသိုလ်မှာ Gates Professor of Developing Societies အဖြစ် တာဝန်ထမ်းဆောင်နေကြောင်း အသီးသီး မိတ်ဆက်ပေးခဲ့ပါတယ်။
ဆက်လက်ပြီး ဆုရွေးချယ်ရေး ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ Prof. Jakob Svensson က ဆုရွေးချယ်ရခြင်း၏ အဓိကအကြောင်းရင်းနှင့် ဆုရပညာရှင်များ ၏ သုတေသနတွေ့ရှိချက်များကို အခုလို အသေးစိတ် ရှင်းလင်းပြောကြားပါတယ်။ လွန်ခဲ့သည့် ၁ဝ စုနှစ်များအတွင်း တိုးတက်မှု အများအပြားဖြစ်ထွန်းခဲ့သော်လည်း ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုမှာ ပြဿနာတစ်ရပ်အနေဖြင့် ကျန်ရှိနေကြောင်း၊ ဝင်ငွေနိမ့်ပါးသော နိုင်ငံများနှင့် ဝင်ငွေ အလယ်အလတ်ရှိသည့် နိုင်ငံများမှာ လူဦးရေသန်း ၇၀၀ ကျော် ဆင်းရဲမွဲတေလျက်ရှိကြောင်း၊ ကလေးသုံးယောက်မှာ တစ်ယောက်ဟာ အာဟာရမပြည့်ဝမှု ခံစား နေရကြောင်း၊ ကလေးအများစုဟာ အရေးအဖတ်အတွက် ပညာပြီးဆုံးအောင် သင်ကြားနိုင်မှုမရှိဘဲ ကျောင်းမှ စွန့်ခွာနေရကြောင်း၊အဲဒီလိုအခြေအနေဟာ ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ထိရောက်စွာဆောင်ရွက်နိုင်ရေးမှာ အလွန်အရေးကြီးတဲ့ မေးခွန်းတစ်ခုဖြစ်နေကြောင်း ဦးစွာပဏာမ ပြောကြားပါတယ်။
ဆက်လက်ပြီး ၎င်းကပြောကြားရာမှာ ယခုနှစ်စီးပွားရေးပညာ နိုဘယ်ဆုကို ကမ္ဘာ့ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းအတွက် ထိရောက်သည့်နည်းလမ်းများ ဖော်ထုတ်နိုင်ခဲ့သည့်အတွက် ချီးမြှင့်ရခြင်းဖြစ်ကြောင်း၊ စမ်းသပ်လေ့လာမှု နည်းလမ်းသစ်ဖြင့်အရေးပါတဲ့ ရှေးဦးသုတေသန တွေ့ရှိချက်တွေကို ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်လည်းဖြစ်ကြောင်း၊ ပထမအချက်အနေနဲ့ ဆင်းရဲနွမ်းပါးရခြင်းရဲ့ အကြောင်းတရား ကို ဖော်ထုတ်ရာမှာ အထောက်အကူဖြစ်စေခဲ့ကြောင်း၊ ဒုတိယအချက်အနေနဲ့ ကမ္ဘာ့ဆင်းရဲ နွမ်းပါးမှုတိုက်ဖျက်ရေးအတွက် ထိရောက်သည့် မူဝါဒများ ချမှတ်နိုင်ဖို့ရာ ကျိုးကြောင်းခိုင်လုံစွာကောက်ချက်ချနိုင်ဖို့ အထောက်အပံ့ ဖြစ်စေခဲ့ကြောင်း၊ တတိယနဲ့နောက်ဆုံးအချက်အနေနဲ့ ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုလျှော့ချဖို့ နည်းလမ်းအမျိုးမျိုးနဲ့ သင့်တော်တဲ့မူဝါဒတွေ ချမှတ်နိုင်ဖို့ အကျိုးရှိတဲ့လေ့လာဆန်းစစ်ချက်တွေ ဖြစ်မြောက်အောင် ဆောင်ကြဉ်းပေးနိုင်ခဲ့တာတွေကြောင့် ဖြစ်ကြောင်း၊ သူတို့ဖော်ထုတ်ခဲ့တဲ့ သင်ကြားမှုအကျပ်အတည်း (Leaming crisis) နဲ့ပတ်သက်ပြီး ကွင်းဆင်းဆန်းစစ်ချက်တွေ အရ ကလေးတွေ ကျောင်းတွေမှာ ပညာ သင်ယူရာမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေဖြစ်တဲ့ သင်ထောက်ကူပစ္စည်းတွေ၊ အထူးသဖြင့် ကျောင်းသုံးဖတ်စာအုပ်တွေ ပံ့ပိုးမပေးနိုင်တာ၊
ကျောင်းချိန်အတွင်း ဗိုက်ဆာတာ၊ ဆရာ ဆရာမ မရှိတာ၊ သင်ကြားပုံနည်းစနစ် မမှန်ကန်တာ တွေအပေါ် ထိရောက်တဲ့ပြုပြင်ပြောင်းလဲမှုတွေ မရှိတာတွေကို ကွင်းဆင်းဆန်းစစ်လေ့လာမှု နည်းလမ်းအသုံးပြုပြီး အဖြေရှာဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ ထိခိုက်မှုအများဆုံးခံစားရ သူတွေကို လက်တွေ့ဆန်းစစ်လေ့လာခဲ့တဲ့အတွက် ဘယ်နယ်ပယ်တွေမှာ ကြားဝင်ဆောင်ရွက်နိုင်ပြီး ဘယ်နယ်ပယ်တွေမှာ ကြားဝင်ဆောင်ရွက်ဖို့ လို၊ မလိုတိကျပြီး ကျိုးကြောင်းခိုင်လုံတဲ့ အချက်အလက်တွေကို ဖော်ထုတ်နိုင် ခဲ့ပါတယ်။
လေ့လာမှုအကျပ်အတည်းကို ပြုပြင်ပြောင်းလဲနိုင်ဖို့ ကျောင်းတွင်းလိုအပ်ချက်တွေ ဖြစ်တဲ့ ကျောင်းသုံးဖတ်စာအုပ်တွေ ပံ့ပိုးတာ၊ ကျောင်းချိန်မှာ အစားအသောက်ကျွေးမွေးတာတွေလို လိုက်ဖက်တဲ့ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ကျောင်းသင်ပညာရေး ရလဒ်ကောင်းတွေ ဖော်ဆောင်ပေးနိုင်မှာဖြစ်ကြောင်း၊ အဲဒီလက်တွေ့ဆန်းစစ်ချက်ကို ပါမောက္ခ ဒေါက်တာမိုက်ကယ်ခရိမ်မာက လေ့လာဆန်းစစ်မှုနယ်ပယ်သစ်အဖြစ် ပထမဦးဆုံး လေ့လာတင်ပြနိုင်ခဲ့ပါကြောင်း၊ အခြားတစ်ဖက်မှာလည်း လေ့လာဆန်းစစ်မှု နယ်ပယ်သစ်ဖြစ်တဲ့ ကလေးငယ်တွေရဲ့ သင်ကြားမှုအဆင့်တွေနဲ့ လိုက်လျောညီထွေဖြစ်စေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက် ခြင်းဟာ တန်ဖိုးကြီးမားတဲ့အကျိုးရလဒ်တွေ ကိုရရှိစေခဲ့ပြီး အဲဒီလိုကြားဝင်ဆောင်ရွက်မှုဟာ မှန်ကန်တဲ့ သင်ကြားမှုအဆင့် လုပ်ငန်းစဉ်တွေကို အထောက်အကူ ဖြစ်စေခဲ့တဲ့အတွက် အိန္ဒိယနဲ့ အာဖရိကက ကလေးငယ်သန်း ၆၀ ကျော်ကို အရေးအဖတ်အတွက် ပြီးဆုံးတဲ့အထိ အကူအညီ ဖြစ်စေခဲ့ပါတယ်။ အဲဒီသုတေသန လက်တွေ့ဖော်ထုတ်ချက်တွေကို ပါမောက္ခ ဒေါက်တာ အာဘီဂျစ်ဘန်နာဂျီနဲ့ ပါမောက္ခ ဒေါက်တာအက်စတာဒီဖလိုတို့နှစ်ဦး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အခုတွေ့ရှိခဲ့တဲ့ စမ်းသပ်လေ့လာမှုနည်း လမ်းသစ်ဟာ ပညာရေးသုတေသနလုပ်ငန်းများ အသွင်ပြောင်းနိုင်ဖို့အတွက်သာမကဘဲ အခြားဖွံ့ဖြိုးမှု ဘောဂဗေဒအဓိကနယ်ပယ် တွေဖြစ်တဲ့ ကျန်းမာရေး၊ ချေးငွေရရှိရေး၊ လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေး စတဲ့နယ်ပယ်တွေအတွက်ပါ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ယခုလိုတွေ့ရှိချက်တွေကနေ ဘယ်နယ်ပယ်တွေမှာ ပိုမိုကြားဝင်ဆောင်ရွက်ရန်လိုအပ် တာတွေ၊ ဘယ်နယ်ပယ်တွေမှာ မူဝါဒလမ်းညွှန် ချက်တွေကို လျှော့ချဖို့လိုတာတွေ၊ ဘယ်နယ်ပယ်တွေမှာ ကြားဝင်ဆောင်ရွက်ဖို့မလိုအပ်တာတွေကို သိရှိလာနိုင်ခဲ့ပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင် ပါမောက္ခ ဒေါက်တာအာဘီဂျစ် ဘန်နာဂျီ၊ ပါမောက္ခ ဒေါက်တာအက်စတာဒီဖလို နဲ့ ပါမောက္ခ ဒေါက်တာမိုက်ကယ်ခရိမ်မာတို့သုံးဦးဟာ ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုလျှော့ချရေး သုတေသနလုပ်ငန်းကို ပုံစံပြောင်းလေ့လာ ဆန်းစစ်နိုင်ခဲ့ပြီး ဖွံ့ဖြိုးမှုဘောဂဗေဒနယ်ပယ် မှာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာမှာ နည်းလမ်းသစ်တစ်ခုအနေနဲ့ ရှေ့ဆက်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ယခုလိုဆုချီးမြှင့် ခဲ့တာဖြစ်ပါတယ်။ ။
ဆက်လက်ပြီး ဆုကြေညာတဲ့အခမ်း အနားမှာ ယခုနှစ်စီးပွားရေးနိုဘယ်ဆုရှင် တစ်ဦးဖြစ်တဲ့ ပါမောက္ခဒေါက်တာအက်စတာ ဒီဖလိုထံ တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ အဲဒီလိုမေးမြန်းမှုကို သူက ပြန်လည်ဖြေကြားရာမှာ သူ့အသက်အရွယ်နဲ့ ယခုလိုလူသိများတဲ့ နိုဘယ်စီးပွားရေးပညာ ဆုရရှိခဲ့မှုအတွက် မယုံနိုင်ခဲ့ပါကြောင်း၊ သို့သော်လည်း နိုဘယ်စီးပွားရေးပညာဆု ဟာ တစ်မူထူးခြားသည်ကို သူသိရှိထားကြောင်း၊ အကြောင်းမှာ နိုဘယ်စီးပွားရေး ပညာဆုမှာ အသက်အရွယ်ကြီးငယ်နှင့် မသက်ဆိုင်ဘဲ တစ်ဦးချင်းစီ၏ စွမ်းဆောင်မှု အပေါ်ပေးအပ်သည်ဟု ထင်မြင်ကြောင်း ပြန်လည်ဖြေကြားပါတယ်။ နိုဘယ်စီးပွားရေး ပညာဆုရရှိသူ အမျိုးသမီးနှစ်ဦးရှိရာ သက်ရှိ ထင်ရှားရှိသူမှာ သူတစ်ဦးတည်းသာကျန်ရှိကြောင်း၊ ၂၀၀၉ ခုနှစ် စီးပွားရေးပညာ နိုဘယ်ဆုရရှိခဲ့သူ ဒေါက်တာအယ်လီနာအော်စရွန်(1993-2012)မှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ ။
ယခုနှစ် စီးပွားရေးနိုဘယ်ဆုရရှိသူ အပါအဝင် စီးပွားရေးပညာနိုဘယ်ဆုရရှိသူ အိန္ဒိယနိုင်ငံသားနှစ်ဦးရှိပြီး နောက်တစ်ဦးမှာ ၁၉၉၈ ခုနှစ်က Welfare Economics နဲ့ စီးပွားရေးဆိုင်ရာနိုဘယ်ဆုရရှိခဲ့သူ ပါမောက္ခ ဒေါက်တာအမတြာဆင်းဖြစ်ပါတယ်။ စီးပွား ရေးပညာနိုဘယ်ဆုကို ဆွီဒင်ဗဟိုဘဏ်ရဲ့နှစ် (၃၀၀) ပြည့်မြောက်တဲ့နှစ် (၁၉၆၈ ခုနှစ်) အထိမ်းအမှတ်အနေနဲ့ ဆွီဒင်ဗဟိုဘဏ်က ကမကထပြုလုပ်ပြီး ၁၉၆၉ ခုနှစ်မှစတင်ပေး အပ်ခဲ့ခြင်းဖြစ်ပါတယ်။ နိုဘယ်စီးပွားရေး ပညာရှင် ၈၄ ဦး ရှိပြီဖြစ်ပြီး အသက် အငယ်ဆုံးပညာရှင်မှာ ၄၆ နှစ်နှင့်အသက် အကြီးဆုံးပညာရှင်မှာ အသက် ၉၀ ဖြစ်ပါတယ်။ ဆုပေးအပ်တဲ့ အကြိမ်အရေအတွက် (၅၁) ကြိမ်ရှိပြီဖြစ်ကာ ယခုနှစ်ဆုရရှိသူသုံးဦးတို့ဟာ ဆွီဒင်ခရိုနာ ကိုးသန်း(အမေရိကန် ဒေါ်လာ ၉၅၀၀၀၀ ခန့်) ကို ခွဲဝေရရှိမှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
Reference: www.nobelprize. org access
on 22-10-2019