ပေါင် ၁၃ ဇွန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြီးစီးခဲ့သော ၁၃၈၀(၂၀၁၉)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့အနွယ်ဝင်သီလရှင်များဝင်ရောက်ဖြေဆိုကြရာ ပေါင်စာဖြေဌာန၌ ပရိယတ္တိကျောင်း ၁၁ ကျောင်းမှ သံဃာတော်အရှင်မြတ် ၄၆ ပါး အောင်မြင်တော်မူကြောင်း သိရသည်။
ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွား တည့်တံ့နိုင်စေရန် ဆရာဒကာညီညာစွာဖြင့် ပေါင်မြို့နယ် အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာများနှင့် သီလရှင်များ ဝင်ရောက်ဖြေဆိုတော်မူကြရာ ဒွေမာတိကာ၊ ဘိက္ခုပါတိမောက်၊ ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ စသောဘာသာရပ်များအလိုက် ဖြေဆိုတော်မူကြပြီး အောင်မြင်သော စာအောင်သံဃာစာရင်းအရ ပထမကြီးတန်း ၁ ပါး၊ ပထမလတ်တန်း ၁၂ ပါး၊ ပထမငယ်တန်း ၁၁ ပါးနှင့် အခြေပြုမူလတန်း ၂၂ ပါး၊ စုစုပေါင်း ၄၆ ပါး အောင်မြင်ခဲ့သည်။
ယင်းစာမေးပွဲကို ၁၃၈၀ ခု၊ တပေါင်းလပြည့်ကျော် ၁၃ ရက်နေ့မှ တန်ခူးလဆန်း ၄ ရက်နေ့(၂၀၁၉ ခု ဧပြီလ ၂ ရက်နေ့မှ ၈ ရက်နေ့) အထိ (၇)ရက်တိုင် အထက (ပေါင်) ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခြေပြုမူလတန်း ၇၃ ပါး၊ ပထမငယ်တန်း ၄၄ ပါး၊ ပထမလတ်တန်း ၂၈ ပါးနှင့် ပထမကြီးတန်း ၁၀ ပါး စုစုပေါင်း ၁၅၅ ပါး ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ဇင်မျိုးသူ


