ဘားအံ ၁၃  မေ 

 

ကရင်ပြည်နယ်သည် ငြိမ်းချမ်းရေးဖြစ်တည်တိုးတက်မှုနှင့်အတူ  လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန် ၍ တစ်နေရာမှတစ်နေရာသို့ လွယ်ကူစွာ ကူးလူးဆက်ဆံ သွားလာနိုင်ခြင်း၊ အေးချမ်းသာယာ၍ တိုင်းရင်းသားများ၏ ယဉ်ကျေးဖော်ရွှေမှုရှိခြင်း၊ သမိုင်းဝင်အမွှေအနှစ်များ၊ ရှေ့ဟောင်ဂူဘုရားများ၊ ရေတံခွန်များ၊ အပန်းဖြေ အနားယူရန် နေရာများပေါများစွာတည်ရှိခြင်း၊ သာယာလှပခြင်းတို့ကြောင့် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ နေ့စဉ် ဝင်ထွက်သွားလာလျက်ရှိရာ ၂၀၁၉ ခုနှစ် ပထမသုံးလ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ၊ မတ်လများတွင် နိုင်ငံပေါင်း ၈၁ နိုင်ငံမှ ပြည်ပခရီးသွားဧည့်သည် ၆၈၁၃၈ ဦးလာရောက်လည်ပတ်ခဲ့ကြောင်း မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ (၁/၂၀၁၉) အစည်းအဝေးမှ သိရသည်။

 

အလားတူ ပြည်တွင်းခရီးသွားဧည့်သည်များဝင်ရောက်မှုအနေဖြင့် ပထမသုံးလအတွင်း ၂၇၃၆၄၈ ဦး လာရောက်လည်ပတ်ခဲ့ကြပြီး ဘားအံ၊ မြဝတီနှင့် သံတောင်ကြီးဒေသများသို့ အများဆုံးသွားရောက်လည်ပတ်ခဲ့ကြကာ ခရီးသွားဧည့်သည်များ ပိုမိုဝင်ထွက်သွားလာနိုင်စေရန်နှင့် ဒေသ၏ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ယခုအစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

အစည်းအဝေးတွင် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာ ရေးဝန်ကြီးဦးသန်းနိုင်က ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအခြေအနေများကို လည်ကောင်း၊ ကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ပြည်နယ်တာဝန်ခံဦးအေးမောင်လှိုင်က ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီတာဝန်များနှင့် ပြည်နယ်လိုင်စင်စိစစ်ရေးအဖွဲ့ဝင်များ ရွေးချယ်တင်မြောက်ရေးဆိုင်ရာများကို လည်ကောင်း ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် တက်ရောက်လာကြသော Air Tour Myanmar Co.,Ltd ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ပြည်နယ်ဧည့်လမ်းညွှန်အသင်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားသည်။

 

ကရင်ပြည်နယ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ နှစ်စဉ်တိုးတက်လျက်ရှိပြီး တစ်နှစ်လျှင် ပြည်ပခရီးသွား ၄၀ ရာခိုင်နှုန်း၊ ပြည်တွင်းခရီးသွား ၆၀ ရာခိုင်နှုန်းကျော်ခန့် တိုးတက်များပြားလျက်ရှိကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

a4.jpg