မန္တလေး ၈ ဇွန်
၂၀၁၈- ၂၀၁၉ ပညာသင်နှစ်အတွက် ၂၀၁၉ ခုနှစ် မတ်လအတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန် ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီးမှ တစ်နိုင်ငံလုံးအတိုင်းအတာအရ ခြောက်ဘာသာဂုဏ်ထူးရှင် အရေအတွက် အများဆုံးဖြင့် ဖြေဆိုအောင်မြင်ခဲ့ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးစာရင်းများအရ သိရသည်။
ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ပေးခဲ့သည့် စာစစ်ဌာန ၂၀၃ ခုတွင် ဝင်ရောက်ဖြေဆိုသူ ၁၁၉၂၁၀ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၄၃၀၇၅ ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၃၆ ဒသမ ၁၃ ဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ ဒုတိယအောင်ချက်အများဆုံးဖြင့် အောင်မြင်ခဲ့သည့်အပြင် ခြောက်ဘာသာဂုဏ်ထူးရှင် အရေအတွက်မှာလည်း ၂၂၀ ဦးဖြင့် အများဆုံး အောင်မြင်ခဲ့ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ) ဦးစိုးလွင်က ပြောသည်။

“ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးက ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် အောင်ချက်ရာခိုင်နှုန်း အနည်းငယ် ကျဆင်းသွားပေမယ့် ဒီနှစ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲရဲ့ မေးခွန်းပုံစံ ပြောင်းလဲမှုအပေါ်မှာ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ဂုဏ်ထူး ထွက်ရှိမှုနဲ့ နှိုင်းယှဉ်ရင်တော့ မန္တလေးတိုင်းဒေသကြီး အနေအထားက ခြောက်ဘာသာ ဂုဏ်ထူးရှင်တွေ အများဆုံး ထွက်ပေါ်လာတဲ့အတွက် အရည်အသွေးပိုင်းတွေ တိုးတက်လာတယ်လို့ သုံးသပ်ရပါတယ်” ဟု ၎င်းက ပြောသည်။
ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူများအနက် ခြောက်ဘာသာဂုဏ်ထူး ၂၂၀ ဦး၊ ငါးဘာသာဂုဏ်ထူး ၄၉၀ ဦး၊ လေးဘာသာဂုဏ်ထူး ၆၂၁ ဦး၊ သုံးဘာသာဂုဏ်ထူး ၆၇၃ ဦး၊ နှစ်ဘာသာဂုဏ်ထူး ၁၀၅၉ ဦးနှင့် တစ်ဘာသာဂုဏ်ထူး ၃၈၅၇ ဦးတို့ ရရှိခဲ့ပြီး စုစုပေါင်း ဂုဏ်ထူးဖြင့် အောင်မြင်သူ ၆၉၂၀ ဦး ရှိကြောင်း သိရသည်။
အဆိုပါဖြေဆိုအောင်မြင်သူများအနက် မန္တလေးဗဟိုအကျဉ်းထောင်မှ ၇၁ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြပြီး ၄၂ ဦး အောင်မြင်ခဲ့ရာ ၎င်းတို့အနက် တစ်ဘာသာဂုဏ်ထူးရှင် ၁၁ ဦးနှင့် နှစ်ဘာသာဂုဏ်ထူးရှင် သုံးဦးတို့ ရရှိခဲ့ကြသည်။
ယမန်နှစ်က ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စားမေးပွဲတွင် မန္တလေးတိုင်း ဒေသကြီးမှ ဝင်ရောက်ဖြေဆိုသူ ၁၁၁၃၉၈ ဦးအနက် အောင်မြင်သူ ၄၂၅၁၇ ဦးရှိခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၃၈ ဒသမ ၁၇ ဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက် အကောင်းဆုံးဖြင့် အောင်မြင်ခဲ့ပြီး ခြောက်ဘာသာဂုဏ်ထူး ၂၈၉ ဦး၊ ငါးဘာသာ ဂုဏ်ထူး ၆၄၀ ဦး၊ လေးဘာသာဂုဏ်ထူး ၁၁၃၄ ဦး၊ သုံးဘာသာဂုဏ်ထူး ၁၁၆၆ ဦး၊ နှစ်ဘာသာဂုဏ်ထူး ၁၇၄၃ ဦး၊ တစ်ဘာသာဂုဏ်ထူး ၆၈၉၆ ဦးဖြစ်ရာ စုစုပေါင်းဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၁၈၆၈ ဦး ရှိခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)