ကြို့ပင်ကောက် ၂၇ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၆ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကြို့ပင်ကောက်မြို့နယ်တွင် အထက(လယ်တီ) စာစစ်ဌာနတစ်ခုတိုး၍ စာစစ်ဌာန စုစုပေါင်း ၄ ခုဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကြို့ပင်ကောက်မြို့အနောက်ဘက်ရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများသည် မြို့သို့လာ ရောက်ပြီး စာမေးပွဲဖြေဆိုရတဲ့အတွက် သွားလာတည်းခိုနေထိုင်ရေး၊ စာရေးသောက်ရေးတို့တွင် အခက်အခက်များစွာ ရှိခဲ့ကြောင်း အဆိုပါ အခက်အခဲများကြောင့် မြို့နှင့် ၉ မိုင်ခန့်ဝေးကွာသော စေတီကုန်းအုပ်စု လယ်တီကျေးရွာတွင် စာစစ်ဌာန တစ်ခုတိုး၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စီစဉ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဝင်း ကပြောသည်။
လယ်တီကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကိုဖိုးဝင်က “စာစစ်ဌာနတစ်ခုရတဲ့အတွက် အရမ်းဝမ်းသာပါတယ် အရင်နှစ်တွေက ကလေးတွေရော မိဘတွေပါစာဖြေဖို့ သွားလာနေထိုင်ရေးတွေအခက်အခဲ အများကြီးကြုံရတယ် အခုနှစ်တော့ ကိုယ့်အိမ်ကိုယ့်ယာနဲ့ နေထိုင်ပြီးဖြေရတော့မှာပါ မေးခွန်းတွေရယူဖို့နဲ့ အဖြေလွှာတွေပို့ဖို့ကိုလည်း သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်ထားပါတယ်” ဟု ပြောကြားသည်။
ကြို့ပင်ကောက်တစ်မြို့နယ်လုံးတွင် ဘာသာတွဲသုံးခုဖြစ်သော အတွဲ(၁)၊ အတွဲ(၂)နှင့် အတွဲ(၇)တို့ကို ဖြေဆိုရန်အတွက် အတွင်းဖြေ ၁၀၅၉ ဦး အပြင်ဖြေ ၅၄၅ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၆၀၄ ဦးဖြေဆိုရန် စာရင်းပေးသွင်းထားပြီး အထက(လယ်တီ)စာစစ်ဌာနတွင် အတွင်းဖြေ ဖြေဆိုသူ ၁၀ဝ စာရင်းပေးသွင်းထားကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)