ရန်ကုန်  ၄  ဒီဇင်ဘာ 

 

၂၀၁၉ ခုနှစ် ပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူများ၏ စွမ်းရည်ပြသမှုပွဲတော်ကို ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်ရှိ(အင်းလျာကန်အနီး) အပြည်ပြည်ဆိုင်ရာ စီးပွား‌ရေး ဗဟိုဌာန (IBC Grand Ballroom) ၌ ဒီဇင်ဘာ ၃ ရက် ညနေ ၃ နာရီခွဲမှ စတင်ကာ ည ၁၀ နာရီအထိ ကျင်းပခဲ့ကြသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ လူမှုရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသာအောင်၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်၊ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ အဖွဲ့ဝင် ဦးရန်အောင်မင်းတို့ တက်ရောက်၍ စွမ်း‌ဆောင်ရည်ပြပွဲဖြစ်မြောက်ရေးပေါင်းစည်းလူမှုဖွံ့ဖြိုးတိုးတက်‌ရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ  ဦးသိန်းဟန်သူ၊ ပူးပေါင်းကော်မတီဝင် ဦးချစ်ခင် တို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

 

အစီအစဉ်အရ အခမ်းအနားကျင်းပရခြင်း အကြောင်းနှင့်ပတ်သက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီဝင်၊ မသန်စွမ်းသူများ၏ စွမ်း‌ဆောင်ရည်ပြပွဲဖြစ်မြောက်ရေး ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဟန်သူက ရှင်းလင်းပြောကြားသည်။

 

လူမှုဝန်ထမ်းဦးစီးဌာနနှင့် မေရီချက်ဖ်မင်း နားမကြား‌သော ကလေးများကျောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ကြည့်မြင်တိုင် မျက်မမြင်‌ကျောင်းနှင့် ရှေ့ဆောင်မျက်မမြင်အသင်း၊ ဉာဏ်ရည်မသန်စွမ်းသူများ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများတို့၏ စွမ်းရည်သရုပ်ဖော်ယိမ်းအလှအကများကို ဆက်လက်ကျင်းပခဲ့ကြသည်။

 

အခမ်းအနားတွင် နိုင်ငံကျော်အဆိုတော် ဂျေညီညီ၊ မျိုးကြီး၊ ဘရိလ်ကီ၊ နိုင်နိုင်၊ ဘိုခန့်၊ မန်ကြီး၊ အယ်နီရှိုင်း၊ မေရွက်ဝါ၊ ချမ်းချမ်း၊ သျှန်သျှဏ်းတို့၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ ဖောင်ဒေးရှင်း (စစ်ကိုင်း) Social Grace Band ဝိုင်းအဖွဲ့သားများနှင့် ရှေ့ဆောင်မျက်မမြင်အသင်း မင်္ဂလာဆိုင်းဝိုင်းတို့ တွဲဖက်၍ မသန်စွမ်းကလေးများ၏ ဖျော်ဖြေတင်ဆက်မှုများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ-မျိုးကြီး