ရန်ကုန် ၂၁ ဖေဖော်ဝါရီ
၂၀၁၉ခုနှစ်အတွက် စာပေဗိမာန်စာမူဆုအဖွဲ့ကြီး အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စာပေဗိမာန်စာမူဆုရ စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း)က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စာပေဗိမာန်စာမူဆုရ စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက စာပေဗိမာန်ဆု ချီးမြှင့်ရေးအတွက် မူဝါဒဖြေလျှော့မှုများ၊ ဆုအမျိုးအစား ပြင်ဆင်တိုးချဲ့ရေး၊ ဆုရွေးချယ်မည့်စနစ်နှင့် ဆုကြေးငွေ ပြင်ဆင်တိုးမြှင့်ခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ဆွေးနွေးကြသည်။
စာပေဗိမာန်စာမူဆုရ စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမြင့် (မောင်ရင့်မာ- ကျောင်းကုန်း) က “မနှစ်က အစည်းအဝေးမှာ ပြိုင်ပွဲဝင်တဲ့ စည်းကမ်းချက်တွေကို ပြန်လည်သုံးသပ်ပြီး အဲဒီစည်းကမ်းချက်တွေအပေါ် အကြံပြု သုံးသပ်ချက်တွေ ဆွေးနွေးခဲ့ပါတယ်။ ဒီနှစ်မှာ ပိုမိုကောင်းမွန်တဲ့ စည်းကမ်းချက်တစ်ခု ပြင်ဆင်ဖို့ လုပ်ဆောင်ကြပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အနေနဲ့ကလည်း စာပေဗိမာန် စာမူဆုကို အဆင့်အတန်း ပိုမိုမြင့်မားစေချင်တယ်။ စာမူတွေရဲ့ အရည်အသွေးကိုလည်း ပိုပြီး မြင့်မားစေချင်တယ်။ ဒီရည်ရွယ်ချက် နှစ်ရပ်နဲ့ တင်းကျပ်တဲ့ စည်းကမ်းချက်တချို့ကို ဖြေလျှော့ဖို့ ပြုလုပ်တဲ့ အစည်းအဝေးပါ။ ဝမ်းသာစရာ အကောင်းဆုံးအနေနဲ့ စာပေဗိမာန်စာမူဆု ချီးမြှင့်ငွေပမာဏကို အခုနှစ်မှာ ၁၅ သိန်းပေးဖို့ တင်ပြထားပါတယ်။ စာပေဗိမာန် စာမူဆု ရွေးချယ်စိစစ်ရေး အဖွဲ့အနေနဲ့ အလားအလာရှိတဲ့ ကလောင်ရှင်တွေရဲ့ စာမူတွေကို စာပေစင်မြင့်ပေါ်ရောက်ဖို့ အားလုံး တက်တက်ကြွကြွ ဆွေးနွေးကြတဲ့အတွက် ဝမ်းမြောက်မိပါတယ်" ဟု ပြောသည်။
ယင်းနောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှု ကော်မတီမှ စာမူဆုများ လက်ခံရရှိမှု အခြေအနေကို ရှင်းလင်းပြောကြားပြီး စာပေဗိမာန် စာမူဆုရ စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားသည်။
စာပေဗိမာန် စာမူဆုတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကဗျာ၊ သုတပဒေသာ (ဝိဇ္ဇာ/ သိပ္ပံ)၊ စာပဒေသာ၊ ယဉ်ကျေးမှု၊ ကလေး၊ လူငယ်၊ နိုင်ငံရေး၊ ပြဇာတ်၊ အင်္ဂလိပ်၊ ဘာသာပြန် စာမူများကို ရွေးချယ်ပြီး စာပေဗိမာန်ထုတ်ပြည်သူ့ လက်စွဲစာစဉ်များအဖြစ် ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
သတင်း - မွန်းဦးနဒီ
ဓာတ်ပုံ -လှမိုး


