ပဲခူး ၁၆ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်အသီးသီးတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာမှုသည် ယခင်၂၀၁၈ ခုနှစ်ထက် ယခု ၂၀၁၉ ခုနှစ်တွင် ပိုမိုဖြစ်ပွားလာကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၏ စာရင်းဇယားများအရ သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၈ခုနှစ်၌ သဘာဝဘေးများဖြစ်ပွားမှုအနေဖြင့် လေဘေး ၂၅၆ ကြိမ်၊ ရေဘေး ၄၄ ကြိမ်၊ မီးဘေး ၁၄ ကြိမ်၊ မိုးကြိုးဘေး ၁၆ ကြိမ်၊ ကမ်းပြိုဘေးအကြိမ် ၅၀၊ အခြား၂ ကြိမ်၊ စုစုပေါင်း ၃၈၂ ကြိမ်ဖြစ်ပွားခဲ့သဖြင့် လေပြင်းကာကွယ်ရန်အတွက် ပဲခူး၊ အုတ်တွင်း၊ ကျောက်တံခါး၊ သာယာဝတီ၊ ရွှေတောင်မြို့နယ်များတွင် နေအိမ်အမိုးအကာများ အားဖြည့် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် စက်တင်ဘာလ အထိ သဘာဝ ဘေးများ ဖြစ်ပွားမှုအနေဖြင့် လေဘေး ၂၇၅ ကြိမ်၊ ရေဘေး ၂၂ ကြိမ်၊ မီးဘေး ၄၈ ကြိမ်၊ မိုးကြိုးဘေး ၂၄ကြိမ်၊ ကမ်းပြိုဘေး ၆၄ကြိမ် စုစုပေါင်း ၄၃၃ ကြိမ်ဖြစ်ပွားခဲ့ကာ လေပြင်း ကာကွယ်ရန်အတွက် နေအိမ်အမိုးအကာများ အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို မြို့နယ် ၁၆ မြို့နယ်တွင် ဆောင်ရွက် ပေး နိုင်ခဲ့ကြောင်းသိရသည်။
"ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီးမှာ ယခင်နှစ်များထက် ဘေးဖြစ်ပွားမှု အကြိမ်အရေအတွက် ပိုမိုများပြားလာပါတယ်၊ လေပြင်းဘေးဖြစ်ပွားမှုများခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးမှာ ဖြစ်ပွားခဲ့ပါတယ်။ ဘေးဖြစ်ပွားမှုများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝ ဘေးရန်ပုံငွေမှ ထောက်ပံ့ ပေးခြင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ထောက်ပံ့ရေးပစ္စည်းများ ပြန်လည်ထူထောင်ရေး ပစ္စည်းများအတွက် ငွေကျပ် ၁၄၆၇၂သိန်းကျော်၊ လေပြင်းကာကွယ်ရန် အတွက် နေအိမ် အမိုးအကာများ အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများ အတွက် မြို့နယ် ၁၆ မြို့နယ်တွင် ငွေကျပ် ၅၂၈ သိန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှုး ဦးသိန်းဌေးအောင်၏ ပြောကြားချက်အရ သိရသည်။
တင်စိုး(ပဲခူး)


