ရန်ကုန် ၂၀ စက်တင်ဘာ


မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အနာဂတ်တွင် ဂေါက်သီးမျိုးဆက်သစ်လူငယ် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူး၍ Telecom International Myanmar Co.,Ltd (Mytel) မှ အဓိကကူညီပံ့ပိုးမှုဖြင့် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ (တတိယ) ပွဲစဉ် စတုတ္တနေ့နှင့် ဆုချီးမြင့်ပွဲကို ယနေနံနက်ပိုင်းမှစ၍  ရန်ကုန်မြို့ရှိ Dagon Golf City ဂေါက်ကွင်း၌ ဆက်လက်ကျင်းပရာ ပညာရှင်အဆင့်တွင် ဘိုဘို ဗိုလ်စွဲခဲ့သည်။


ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲ ဆက်လက်ကျင်းပရာ Myanmar Golf Tour ကိုယ်စား မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသီဟက ပြိုင်ပွဲအားလက်ခံကျင်းပပေးပါသော Dagon Golf City ဂေါက်ကွင်းသို့ အမှတ်တရလက်ဆောင်နှင့် လှူဒါန်းငွေကျပ်သိန်း(၂၀)ကိုလည်းကောင်း၊ ပြိုင်ပွဲအား အဓိကကူညီပံ့ပိုးပေးသော Telecom International Myanmar Co.,Ltd (Mytel) တို့ကို  အမှတ်တရဂုဏ်ပြုလက်ဆောင် အသီးသီးပေးအပ်ရာ Dagon Golf City ဂေါက်ကွင်းမှ Project Director ဦးမောင်မောင်ကျော်နှင့် Telecom International Myanmar Co.,Ltd (Mytel) မှ Director Mr. Duong Van Toan တို့က လက်ခံရယူသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်က ဝါသနာရှင်အဆင့် (အမျိုးသမီး) ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် (၂၆၆)ဖြင့် ဒုတိယရရှိခဲ့သော ခင်မေသန်းနှင့် စုစုပေါင်းရိုက်ချက် (၂၄၈)ချက်ဖြင့် ပထမရရှိခဲ့သော မေဦးခိုင်တို့ကိုလည်းကောင်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ ဦးသန့်ဆွေက ဝါသနာရှင်အဆင့်(အမျိုးသား)ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက်(၂၈၈)ချက်ဖြင့် ဒုတိယရရှိခဲ့သော လွင်မိုးနှင့် စုစုပေါင်းရိုက်ချက်(၂၈၇)ဖြင့် သတ်မှတ်ရိုက်ချက်ထက် တစ်ချက်လျော့ရိုက်ကာ ပထမ ရရှိခဲ့သော မောင်မဲတို့ကို   ဆုများချီးမြှင့် ပေးအပ်သည်။


ယင်းနောက် ပညာရှင်အဆင့်ပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် ၁၅ ချက်လျော့ရိုက်ကာ စုစုပေါင်းရိုက်ချက် ၂၇၃ ချက်ဖြင့် ပထမရရှိသော ဘိုဘို (HAN Golf Academy) အား မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နာယက ဦးဝင်းလှိုင်က ဆုဖလားနှင့် Telecom International Myanmar Co.,Ltd (Mytel)မှ အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ဆုကြေးငွေ ချက်လက်မှတ်တို့ကို ပေးအပ်ချီးမြှင့်သည်။


၂၀၁၉ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲကို  Myanmar Zwe Mann Co., Ltd, MWD Bank, Telecom International Myanmar Co., Ltd (Mytel), SAE PAING Development Ltd, Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar), INNWA Bank တို့က အဓိကကူညီပံ့ပိုးပေးထားသည်။


သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်