၂၀၁၉ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ 

နေပြည်တော် ၁၇   စက်တင်ဘာ 


နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ယနေ့တွင် ဒုတိယနေ့အဖြစ် ကျင်းပရာ ခင်းကျင်းပြသထားသော ကျောက်မျက်အတွဲများအား  ပြည်တွင်း/ပြည်ပ ကျောက်မျက်ရတနာကုန်သည်များက ဝယ်ယူရန်အတွက် ကျောက်မျက်/ ကျောက်စိမ်းအတွဲများကို လိုက်လံ ကြည့်ရှု စစ်ဆေးနေကြသည် ။ 


ပြပွဲတွင် ပြည်တွင်းကုမ္မဏီများက ရောင်းချရန် တင်သွင်းပြသထားသော ကျောက်မျက်ရတနာ အတွဲပေါင်း (၄၈၁)တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း (၇၈၁၁)တွဲတို့အား  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဝယ်ယူရန်အတွက် ကျောက်မျက်ကုန်သည်များက ကျောက်မျက်/ကျောက်စိမ်းတွဲများအား ခင်းကျင်းပြသထားသည့် ဧရိယာများအတွင်း လိုက်လံကြည့်ရှုကြပြီး စက်တင်ဘာ ၁၈ ရက်  ညနေ ၅ နာရီအချိန်တွင် တင်ဒါပုံးအတွင်း ထည့်သွင်း ဝယ်ယူကြရမည်ဖြစ်သည်။


စက်တင်ဘာ ၁၉ ရက်နေ့တွင်ကျောက်မျက်အတွဲများအားလုံးကိုလည်းကောင်း၊ ၂၀ ရက်နေ့မှစတင်၍ ၂၅ နေ့အထိ ကျောက်စိမ်းအတွဲများအား တစ်နေ့လျှင် ကျောက်စိမ်းအတွဲပေါင်း ၁၃၀ဝ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲ ဒုတိယနေ့တွင် ပြည်ပကျောက်မျက်ရတနာကုန်သည် ၃၀၄၆ ဦး၊ ပြည်တွင်းကုန်သည် ၁၆၈၅ ဦး၊ စုစုပေါင်း ကုန်သည် ၄၇၃၁ ဦး လာရောက်ဝယ်ယူကြကြောင်း သိရှိရသည်။ 


မဏိရတနာကျောက်စိမ်းခန်းမ အတွင်း၌ ပြပွဲသို့ လာရောက်သူများ ဝယ်ယူနိုင်ရန်အတွက် ကျောက်မျက် ရတနာ အချောထည်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ရောင်းချ ပေးလျှက်ရှိကြောင်း သိရသည်။


ခွန်(ဝင်းပ)