နေပြည်တော် ၁၆  စက်တင်ဘာ 


နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပသည့် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲ(၂၀၁၉)ကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ရာ ပြည်တွင်း/ပြည်ပ ကျောက်မျက်ရတနာ ကုန်သည်များဖြင့် စည်ကားနေကြောင်း သိရသည်။ 


ပြပွဲတွင် ကျောက်မျက်ရတနာအတွဲပေါင်း (၄၈၁)တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း (၇၈၁၁)တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြရောင်းချထားရာ ကျောက်မျက်ကုန်သည်များက ကျောက်မျက်/ကျောက်စိမ်းတွဲများအား ခင်းကျင်းပြသထားသည့် ဧရိယာများအတွင်းသို့ လေ့လာကြည့်ရှုစစ်ဆေးခွင့်ကို စက်တင်ဘာ ၁၈ ရက်နေ့အထိ ခွင့်ပြုပေးထားပြီး ယင်းနေ့ ညနေ ၅ နာရီအချိန်တွင် ဝယ်ယူမည့် ကျောက်စိမ်းအတွဲ နံပါတ်များအား ဝယ်ယူမည့် ဈေးနှုန်းများ ရေးသွင်း၍ တင်ဒါပုံးအတွင်း ထည့်သွင်း ဝယ်ယူကြရမည်ဖြစ်သည်။


စက်တင်ဘာ ၁၉ ရက်နေ့မှ စတင်၍ ၂၅ နေ့အထိ ကျောက်စိမ်းအတွဲများအား တစ်နေ့လျှင် ကျောက်စိမ်းအတွဲပေါင်း ၁၃၀ဝ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ပြပွဲ ပထမနေ့တွင် ပြည်ပ ကျောက်မျက်ရတနာကုန်သည် ၁၃၀ဝ ခန့်၊ ပြည်တွင်းကုန်သည် ၃၂၀ဝ ကျော် လာရောက်၍ ကျောက်မျက်အတွဲများအား ဝယ်ယူရန်အတွက် ကြည့်ရှုစစ်ဆေးနေကြောင်း သိရသည်။ ထို့အပြင် မဏိရတနာကျောက်စိမ်းခန်းမ အတွင်းတွင် ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။


ခွန်(ဝင်းပ)