နေပြည်တော် ၄ ဖေဖော်ဝါရီ

2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်ကို ယနေ့ည ၉ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီး အပြည့်အစုံမှာ ဖော်ပြပါအတိုင်းဖြစ်သည် -

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် 2019-nCoV acute respiratory disease ရောဂါ စောင့်ကြပ်ကြည့်ရှမှုနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ (၄-၂-၂၀၂၀) ရက်နေ့၊ ယခုအချိန်အထိ သံသယလူနာ (၂) ဦးအပါအဝင် လူနာ (၉) ဦးတို့အား ဆေးရုံများတွင် ကုသမှုပေးခဲ့ပြီး လူနာ (၁) ဦးမှာ ဓာတ်ခွဲအဖြေတွင် 2019 Novel Coronavirus မတွေ့ရှိပါသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၄-၂-၂၀၂၀) ရက်နေ့တွင် သံသယ လူနာ (၂) ဦးအပါအဝင် စုစုပေါင်းလူနာ (၈) ဦးတို့အား အောက်ပါဆေးရုံများတွင် ကုသမှုပေးလျက်ရှိပါသည်။

ဝေဘာဂီအထူးကုဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး -

၁။ (၃၁-၁-၂၀၂၀) ရက်နေ့တွင် ဆေးရုံ၌ ထားရှိကုသမှုပေးခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသား အသက် (၅၆) နှစ်အရွယ် အမျိုးသားထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုးမရှိကြောင်း (မရှိကြောင်း)ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ယမန်နေ့ (၃-၂-၂၀၂၀) ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပါသည်။
(သတင်းထုတ်ပြန်ပြီး)

၂။ (၁-၂-၂၀၂၀) ရက်နေ့တွင် ဆေးရုံ၌ ထားရှိကုသမှုပေးခဲ့သည့် အသက် (၁၅) နှစ်အရွယ် တရုတ် တိုင်ပေမှ ကလေး (ကျား) တစ်ဦး ကျန်းမာရေးအခြေအနေမှာ (ယနေ့၊ ညနေပိုင်းစစ်ဆေးချက်များအရ) တိုးတက်မှုရှိပါသည်။

၃။ (၃-၂-၂၀၂၀) ရက်နေ့တွင် လှိုင်သာယာပြည်သူ့ဆေးရုံမှ လွှဲပြောင်းပေးပို့၍ ဆေးရုံ၌ထားရှိကုသမှုပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက် (၃၂) နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အဖျားတက်လာသဖြင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

လွိုင်ကော်ပြည်သူ့ဆေးရုံ -

၄။ (၁.၂.၂၀၂၀) ရက်နေ့တွင် ဆေးရုံ၌ ထားရှိကုသမှုပေးခဲ့သည့် မြန်မာနိုင်ငံသား အသက်(၂)နှစ်(၂)လအရွယ် ကလေးငယ် (မ) တစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ (ယနေ့၊ ညနေပိုင်း စစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိပါသည်။

ကျိုင်းတုံပြည်သူ့ဆေးရုံကြီး -

၅။ (၁-၂-၂၀၂၀) ရက်နေ့တွင် ဆေးရုံ၌ ထားရှိကုသမှုပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက် (၁) နှစ်၊ (၂) လ အရွယ်ရှိ ကလေးငယ် (မ) တစ်ဦး ၏ ကျန်းမာရေးအခြေအနေမှာ (ယနေ့၊ ညနေပိုင်း စစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိပါသည်။

နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံ -

၆။ (၃-၂-၂၀၂၀)ရက်နေ့တွင် (သံသယ) လူနာအဖြစ် သတ်မှတ်၍ သီးခြားခန်း (isolation room) တွင် ထားရှိကုသမှုခံယူနေသည့် မြန်မာနိုင်ငံသား အသက် (၄၅)နှစ် အရွယ် အမျိုးသားတစ်ဉီး၏ ကျန်းမာရေးအခြေအနေမှာ (ယနေ့၊ ညနေပိုင်းစစ်ဆေးချက်များအရ) အခြေအနေ တိုးတက်မှုရှိကြောင်း သိရှိရပါသည်။

မင်းပြားပြည်သူ့ဆေးရုံ၊ ရခိုင်ပြည်နယ် -

၇။ (၂-၂-၂၀၂၀) ရက်နေ့တွင် (သံသယ) လူနာအဖြစ် သတ်မှတ်၍ သီးခြားခန်း (isolation room) တွင် ထားရှိကုသမှုခံယူနေသည့် မြန်မာနိုင်ငံသား အသက် (၃၈) နှစ်အရွယ်ရှိ အမျိုးသား၏ ကျန်းမာရေး အခြေအနေမှာ (ယနေ့၊ ညနေပိုင်းစစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိပါသည်။

နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး -

၈။ (၂-၂-၂၀၂၀) ရက်နေ့တွင် ဆေးရုံ၌ ထားရှိကုသမှုပေးခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသား အသက် (၂၉) နှစ်အရွယ် အမျိုးသားတစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ (ယနေ့၊ ညနေပိုင်းစစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိပါသည်။

တောင်ကြီးစဝ်စံထွန်းဆေးရုံကြီး -

၉။ (၂-၂-၂၀၂၀) ရက်နေ့တွင် သီးခြားခန်း၌ ထားရှိကုသမှုခံယူနေသည့် ကိုရီးယားသမ္မတနိုင်ငံသား အသက်(၂၆)နှစ်အရွယ် အမျိုးသားတစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ (ယနေ့၊ ညနေပိုင်းစစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာပြီး မန္တလေး ကန်တော်နဒီဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုလျက်ရှိသော ကျောင်းသား (၅၉) ဦးနှင့် ဆေးအဖွဲ့ (၃) ဦး၊ ဝေဘာဂီအထူးကဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လေယာဉ်အမှုထမ်း (၅) ဦး၊ နေအိမ်တွင်ထားရှိ၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လေယာဉ်မှူးကြီးနှင့်အဖွဲ့ (၄) ဦးတို့သည် ကျန်းမာလျက်ရှိပါသည်။

MDN
Source: Ministry of Health and Sports, Myanmar