ပုသိမ် ၁၆ မတ်
2019 Novel Coronavirus (2019-nCoV) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် စောင့်ကြပ်ကြည့်ရှုကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မတ် ၁၆ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင် တက်ရောက်၍ အမှာစကားပြောကြားရာတွင် “2019 Novel Coronavirus (2019-nCoV) သည် ကမ္ဘာအနှံ့ကူးစက် ပြန့်ပွားနိုင်သည့် ကမ္ဘာ့ကပ်ရောဂါအဖြစ် ၁၁.၃.၂၀၂၀ ရက်နေ့တွင် WHO က သတ်မှတ်ကြေညာခဲ့ ကြောင်း၊ ၎င်းရောဂါသည် လူစုလူဝေးများမှတစ်ဆင့် လျင်မြန်စွာကူးစက်နိုင်ပါသဖြင့် လူစုလူဝေးဖြင့် ကျင်းပရမည့် အစည်းအဝေးများ၊ အခမ်းအနားများ၊ ပွဲလမ်းသဘင်များအား မတ် ၁၃ ရက်မှ ဧပြီ ၃၀ ရက်အထိ ရပ်ဆိုင်းထားပြီး မပြုလုပ်ကြရန် နိုင်ငံတော်သမ္မတရုံးမှ အကြောင်းကြားလာမှုအပေါ် တိုင်းဒေသကြီးအတွင်းရှိ ဌာန/အဖွဲ့အစည်းများအားလုံးသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်ဗဟိုကော်မတီညှိနှိုင်းအစည်းအဝေးမှ ညွှန်ကြားချက်များ ရရှိပါက ညွှန်ကြားချက် နှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်နေသလို အုပ်ချုပ်ရေးအပိုင်း၊ လုံခြုံရေးအပိုင်းနှင့် လူဝင်မှုကြီးကြပ်ရေး အပိုင်းတို့မှ ဆောင်ရွက်နေကြောင်း၊ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များမှဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကာကွယ်ဆေးမပေါ်သေးသဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများ၌ လိုအပ်သည့် ဆေးပစ္စည်း၊ ကိရိယာများကို ဝယ်ယူဖြည့်တင်းထားရန် လိုအပ်ကြောင်း၊ တိုင်းအတွင်းသီးခြားထားရှိ ကုသပေးရန် နေရာလိုအပ်ချက်များကို ကြိုတင်ရှာဖွေထားရန်ဖြစ်ကြောင်း၊ ကျန်းမာရေးဌာနမှ အများပြည်သူ အထိန့်တလန့်မဖြစ်စေဘဲ ရောဂါကူးစက်မှုပုံစံနှင့် ကူးစက်မှုမရှိအောင် ဆောင်ရန်၊ ရှောင်ရန်(Procedure)များ ထုတ်ပြန်ပေးပြီး ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကျန်းမာရေး ဌာနတစ်ခုထဲမှ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအဖွဲ့များ ပူးပေါင်းပါဝင် နိုင်စေရေး မိမိတို့အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လူနာတင်ယာဉ်များ လိုအပ်ပါက သုံးစွဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်း၊ သံသယလူနာများ တွေ့ရှိပါက ကိုင်တွယ်ကုသပေးရမည့် ဝန်ထမ်းများအတွက် လိုအပ်သည့်သင်တန်းများ ကြိုတင်သင်ကြားပေးထား ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ Emergency Operation Centre(EOC) ရုံးဖွင့်လှစ်ထားပြီး (၂၄)ဆက်သွယ်ရရှိနိုင်ကြောင်းကိုလည်း အများပြည်သူသိရှိနိုင်ရေး အသိပေးဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင်လည်း သန့်ရှင်းရေး နေ့စဉ်ဆောင်ရွက်ရန် စည်ပင်သာယာရေးအဖွဲ့များမှ ကြီးကြပ်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ခရိုင်(၆)ခရိုင်ရှိ ဆေးရုံကြီးများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ ဝယ်ယူထားရှိနိုင်ရန် ငွေကျပ်သိန်း(၁၀ဝ၀)ကို ခေတ္တထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ အခြားလိုအပ်ချက် များကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်ကြီးကြပ်မှုဖြင့် အလှူရှင်များရှာဖွေပြီး ဝယ်ယူဖြည့်တင်း ပေးသွားမည်ဖြစ်ကြောင်း ” အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြရာ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်ဆေးရုံအုပ်ကြီးများ၊ ပုသိမ်မြို့ကုတင်(၅၀ဝ)ဆံ့ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးနှင့် အထူးကု ဆရာဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်ဟန် (ပုသိမ်ခရိုင်ပြန်ဆက်)


