နေပြည်တော် ၇ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပသည့် 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၀) သို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်း ထုတ်ပြန်ချက်များအရ ယခုဖြစ်ပွားနေသော 2019-nCoV လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားပျံ့နှံ့မှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နေ့စဉ်ရက်ဆက် ပိုမိုမြင့်မားနေပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ရောဂါဖြစ်ပွားသူပေါင်း (၂၈၂၇၆) ဦးရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် (၂၈၀၆၀) ဦးဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ဓာတ်ခွဲအတည်ပြု ရောဂါဖြစ်ပွားသူ (၁၀၀) ဦးလျှင် (၂)ဦးခန့် သေဆုံးသည်ကို တွေ့ရှိရပြီး ဤရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက အဆိုပါသေဆုံးမှု ရာနှုန်းမှာ ပြောင်းလဲမှုမရှိသေးသည်ကို တွေ့ရှိရသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကုသမှုအပိုင်း၌ ကောင်းမွန်နေသည်ဟု ယူဆ၍ရပါကြောင်း။
နိုင်ငံခြားသားခရီးသည်များ ဝင်ထွက်သွားလာမှုများပြားသော အိမ်နီးချင်းနိုင်ငံများတွင် ရောဂါကူးစက်ပျံ့နှံ့မှုများ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ ဖေဖော်ဝါရီ ၆ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထွက်ခွာလာသော လေယာဉ် (၆)စီးမှ ခရီးသည် (၃၃၄)ဦး ဝင်ရောက်လာသည်ကို သိရှိရသဖြင့် ဤခရီးသည်များ တည်းခိုနေထိုင်သည့် ဟိုတယ်၊ တည်းခိုခန်းများသို့ ရောဂါစောင့်ကြပ်ကြည့်ရှုသည့် လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ပြုလုပ်ခြင်းမှာ ၎င်းတို့ပြည်တွင်းသို့ ဝင်ရောက်လာခဲ့စဉ်က ဖျားနာခြင်းမရှိဘဲ ရောဂါပျိုးချိန်ကာလအတွင်း ရှိနေနိုင်သောကြောင့် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံနယ်မြေခြင်းထိစပ်မှုမှာ (၁၃၀၀) မိုင်ခန့်ရှည်လျားပြီး ကုန်းလမ်းကြောင်းများရှိ တရားဝင် ဝင်၊ ထွက်ပေါက်များအပြင် တရားမဝင် ဝင်ထွက်ပေါက်များမှ ပါဝင်ရောက်နေမှုများရှိ နေသည့်အချက်သည် မိမိတို့နိုင်ငံအတွက် အထူးအရေးကြီးသည့် အချက်ဖြစ်သည့်အတွက် ဝင်ရောက်လာသည့် ခရီးသည် ဦးရေနှင့်ရောဂါဖြစ်ပွားမှု အခြေအနေကို အမြဲစောင့်ကြပ်ကြည့်ရှု သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ တရားဝင် ဝင်၊ ထွက်ပေါက်များ၌ မိမိတို့ဝန်ထမ်းများသည် နှီးနွှယ်ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရောဂါစောင့်ကြပ်ကြည့်ရှုနေပါကြောင်း။
အဆိုပါနေရာဒေသများရှိ ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများတွင် နယ်စပ်ဒေသများ၌ လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) ၏ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍသည်အရေးကြီးပါကြောင်း၊ အဆိုပါအဖွဲ့အစည်းများထံသို့ ၎င်းတို့ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ယနေ့ပင် ချက်ချင်း အကြောင်းကြားပေါင်းစပ်ညှိနှိုင်းရမည် ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိသောပံ့ပိုးမှုများကို အမြန်ဆုံးစိစစ်သုံးသပ်၍ ဆက်လက်လိုအပ်မည့်ဆေး၊ ဆေးပစ္စည်းကိရိယာနှင့် ဓာတ်ခွဲပစ္စည်းများ အချိန်မီရရှိစေရေးအတွက် အထူးအားထုတ်ရွက်ရမည်ဖြစ်ပါကြောင်း၊ ၎င်းတို့ ကတိကဝတ်ပြုထားသည့် အချက်များကိုမြန်ဆန်စွာ အကောင်အထည်ဖော်ရေး ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ WHO Health Cluster အစည်းအဝေးမှ အကြံပြုချက်များ၊ ပံ့ပိုးပေးရန် ကတိပေးကမ်းလှမ်းချက်များ အမြန်ဆုံးရရှိဖြစ်မြောက်စေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ပြုစုပြီးဖြစ်သည့် တရုတ်ဘာသာဖြင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လာရောက်သူများတည်းခိုရာ၊ နေထိုင်ရာနေရာများနှင့် ရပ်ကွက်များတွင် ချက်ချင်းဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ပြည်သူများမှ၎င်းတို့၏ ပတ်ဝန်းကျင်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လွန်ခဲ့သော (၁၄)ရက်အတွင်း သွားရောက်ခဲ့ပြီး သံသယရောဂါလက္ခဏာရှိသူများနှင့် ပတ်သက်၍ အကြောင်းကြားခဲ့ခြင်းများကို ကျန်းမာရေးအဖွဲ့များက နယ်မြေခံအာဏာပိုင်များနှင့် ကွင်းဆင်းစစ်ဆေးခဲ့မှုများကို တွေ့ရှိရသည့်အချက်သည် ကောင်းမွန်ပါကြောင်း၊ အဆိုပါလုပ်ငန်းများကို အရှိန်အဟုန်လုံးဝ လျှော့ချ၍မရပါကြောင်း၊ ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့မှု ကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူများအား သတင်းထုတ်ပြန်အသိပေးရမည် ဖြစ်ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ လုပ်ကိုင်လျက်ရှိသော ရန်ကုန်နှင့်မြို့ကြီးများရှိ စက်မှုဇုန်များ၊ အလုပ်ရုံနှင့်စက်ရုံများတွင်လည်း မြန်မာနှင့်တရုတ်ဘာသာ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေနေမှုများကို ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ ဝင်ရောက်လာသူများတွင် Health Declaration Card အားပြည့်စုံစွာ ဖြည့်စွက်ထားရှိမှုမရှိပါက ပြည်တွင်းသို့ လုံးဝ ဝင်ရောက်ခွင့်မပြုရန်မှာ အရေးကြီးပါကြောင်း၊ အဆိုပါ Health Declaration Card တွင် ၎င်းတို့နေထိုင်တည်းခိုမည့် ဆက်သွယ် ဖုန်းနံပါတ်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရန် အရေးကြီးသည့် အချက်များပါရှိသည့်အတွက် ထိုသို့ဖြည့်သွင်းရန်မှာ အရေးကြီးပါကြောင်း။
ယခုကာလအတွင်းတွင် မိမိတို့နိုင်ငံမှ ရောဂါဖြစ်ပွားမှုများပြားနေသေးသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ခြင်းများ တတ်နိုင်သမျှလျှော့ချခြင်း၊ ဖြစ်နိုင်ပါက မသွားရောက်ခြင်းတို့ကို ပြုလုပ်မှသာလျှင် ရောဂါကူးစက်နိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့၏ဆေးဘက်ဆိုင်ရာ ပါမောက္ခများပူးပေါင်းကာ နိုင်ငံတကာမှ နောက်ဆုံးတွေ့ရှိချက် ကုထုံးများထည့်သွင်းရေးဆွဲ ထားသည့်ရောဂါကုသမှု လမ်းညွှန်ကို ယနေ့ပင်ဖြန့်ဝေပြီး ဖြစ်ပါကြောင်း။
ယခုကဲ့သို့ နေပြည်တော်၌ နေ့စဉ်လုပ်ငန်းဆန်းစစ်သုံးသပ်မှု၊ ဆွေးနွေးတိုင်ပင်အကြံပြုမှုများ ဆောင်ရွက်နေရာတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်)နှင့် အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) တို့မှဆရာ၊ ဆရာမအနည်းဆုံးနှစ်ဦးစီနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ တစ်ဦးတို့ မပျက်မကွက် ပါဝင်တက်ရောက်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာလျှင် မိမိတို့အားလုံးသည် ဤရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်နိုင်ပြီးရောဂါ၏ ရေရှည်ကာကွယ်မှုနှင့် ထိန်းချုပ်မှုများ၌ ထိရောက်နိုင်မည်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများအနေဖြင့် ခရိုင်နှင့်မြို့ နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ လုပ်ငန်းကြီးကြပ်ခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းများ (teleconferencing) ပုံမှန်ဆောင် ရွက်လျက်ရှိသည်ကို သိရှိရသဖြင့် ကောင်းမွန်သည့် အချက်တစ်ချက်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနမှဝန်ထမ်းများအနေဖြင့် နှီးနွှယ်ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်၍ အရှိန်အဟုန်မြှင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲ၊ eHealth၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး၊ ကုသရေး စသည့်ဌာနခွဲနှင့်ကဏ္ဍများမှ တာဝန်ရှိသူများက - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ်သုံးသပ်ချက်များ၊ ရောဂါကုသမှုဆိုင်ရာအတွက် ကုသရေးရှုထောင့်မှ သုံးသပ်ချက်များ၊ ဝန်ကြီးဌာနမှ သံသယလူနာများကို အားထုတ်ကြိုးပမ်းရှာဖွေပြီး ရောဂါကာကွယ်ထိန်းချုပ် ဆောင်ရွက်မှုမဟာဗျူဟာ (Containment Strategy) ဖြင့် ဆောင်ရွက်နေမှု၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ နယ်စပ်ဝင်ထွက်ပေါက်များမှ ဝင်ထွက်သွားလာမှု စာရင်းဇယားများနှင့် ရောဂါစောင့်ကြပ်ကြည့်ရှု ဆောင်ရွက်မှုအချက်အလက်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အသီးသီးမှ ပေးပို့လာသော ရောဂါစောင့်ကြပ်ကြည့်ရှုရေး ဆောင်ရွက်နေမှုနှင့် သတင်းပေးပို့နေမှုအခြေအနေများ၊ ပြည်သူများမှ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ရောဂါဖြစ်ပွားသည့် နိုင်ငံများမှ လာရောက်ခဲ့သည့် သံသယလူနာဟာ အထင်ရှိသူများနှင့်ပတ်သက်၍ အကြောင်းကြားခဲ့ခြင်းများကို ကျန်းမာရေးအဖွဲ့များက နယ်မြေခံအာဏာပိုင်များနှင့် ကွင်းဆင်းစစ်ဆေးခဲ့မှုများ၊ သံသယလူနာများနှင့် စောင့်ကြပ်ကြည့်ရှုလူနာများ၏ ကျန်းမာရေးအခြေအနေများ၊ ဆေးနှင့် ဆေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှု အခြေအနေများ၊ ကောလဟလ သတင်းမှားများကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျပြန်လည် အသိပေးရှင်းလင်းနိုင်ရေး စသည်တို့ အပါအဝင်နောက်ဆုံး သတင်းအချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့်ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်သည်။
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးချုပ် (ပြည်သူ့ကျန်းမာရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ နေပြည်တော် ခုတင် (၁၀၀၀)ဆံ့ ပြည်သူ့ ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါ ကုသရေးဆိုင်ရာပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး၊ ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်သည်။
သတင်းစဉ်