နေပြည်တော် ၂ ဖေဖော်ဝါရီ

 

2019 Novel Coronavirus ရောဂါသံသယလူနာ တွေ့ရှိမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် သတင်းထုတ်ပြန်ရာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည် -

 

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် 2019 Novel Coronavirus ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ဆေးရုံများတွင် လူနာသီးသန့်ထားရှိပြီး ထိရောက်သော ကုသမှုများ ဆောင်ရွက်ပေးနိုင်ရေး၊ ပြည်သူလူထုအား ကျန်းမာရေးသတင်း အချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ရေး၊ ဓါတ်ခွဲစမ်းသပ်မှုများ အတည်ပြု သတ်မှတ်နိုင်ရေး လုပ်ငန်းများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောဂါစတင်ဖြစ်ပွားကြောင်း အတည်ပြုချက်ရရှိခဲ့သည့် (၅-၁-၂၀၂၀) ရက်နေ့မှစတင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ထိုသို့ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်/ထွက် ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိရာ-

 

(က) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျယ်ခေါင်မြို့မှ (၂၀-၁-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်သို့ ပြန်လည်ရောက်ရှိခဲ့သည့် အသက် (၃၈) နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် ၎င်းအားသံသယလူနာအဖြစ် သတ်မှတ်၍ မင်းပြားဆေးရုံ၌ သီးသန့်ခန်း (Isolation ward) တွင် ထားရှိ၍ လူနာအား လိုအပ်သောဆေးကုသမှုများပေးပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

(ခ) (၁၉-၁-၂၀၂၀) ရက်နေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် မိသားစုမှအသက် (၁) နှစ်၊ (၂) လ အရွယ်ရှိ ကလေးငယ်တစ်ဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း ရောဂါလက္ခဏာများဖြင့် ကျိုင်းတုံမြို့ရှိ ပုဂ္ဂလိကဆေးခန်းသို့ လာရောက်ပြသခဲ့ရာ အဆိုပါကလေးငယ်ကို သံသယလူနာအဖြစ် သတ်မှတ်၍ (၁-၂-၂၀၂၀) ရက်နေ့တွင် ကျိုင်းတုံပြည်သူ့ဆေးရုံရှိ သီးခြားခန်း (isolation room) ၌ ထားရှိကုသလျက်ရှိပြီး၊ လူနာ၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။ လူနာနှင့် ထိစပ်မှုရှိသည့် မိသားစုဝင်စုစုပေါင်း (၅) ဦးအား ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

(ဂ) (၁-၂-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ဖျားခြင်း၊ ချောင်ဆိုးသွေးပါခြင်း၊ အသက်ရှူကြပ်ခြင်း ရောဂါလက္ခဏာများဖြင့် လာရောက်ပြသခဲ့သူ အသက် (၁၅) နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသားကလေးတစ်ဦးရှိကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများသို့ ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာ ပြည့်သူ့ကျန်းမာရေးပညာရှင်များမှ လူနာရောဂါရာဇဝင်နှင့် ခရီးသွားရာဇဝင်အားသုံးသပ်ပြီး သံသယလူနာအဖြစ် သတ်မှတ်ပြီး ဝေဘာဂီဆေးရုံကြီးသို့ ချက်ချင်းလွှဲပြောင်းကုသမှု ပေးခဲ့ပါသည်။

 

၃။ 2019 Novel Coronavirus ရောဂါ ရှိ၊ မရှိ အတည်ပြုစစ်ဆေးရန်အတွက် လူနာများထံမှ နှာခေါင်းတို့ဘတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး၊ ညွှန်းပို့ ဓါတ်ခွဲခန်းများသို့ ပေးပို့ပြီး စစ်ဆေးလျက်ရှိပါသည်။

 

၄။ ရောဂါအတည်ပြုချက်ရရှိပြီးပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချက်ချင်းသတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။

 

MDN

Source: Ministry of Health and Sports, Myanmar