ရန်ကုန် ၂၄ ဖေဖော်ဝါရီ
ယူဂန္ဓာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံပြီး မြို့တော် ကမ်ပါလာမြို့တွင် ကျင်းပလျက်ရှိသည့် ၂၀၁၉ ယူဂန္ဓာနိုင်ငံတကာစီးရီးကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နေသည့် ကြက်တောင်မယ် သက်ထားသူဇာသည် ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် သက်ထားသူဇာသည် လက်ရည်စစ်ပွဲအဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်စရာမလိုဘဲ ၃၂ ဦး အဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး (၃၂)ဦးအဆင့်တွင် ကမ္ဘာ့အဆင့်(၄၃၈)ရှိ အိမ်ရှင်ယူဂန္ဓာကြက်တောင်မယ် ဘရစ်ဂျက်ရှာမင်ဘန်ဂျီနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် လက်ရည်အသာဖြင့်ကစားနိုင်ခဲ့ပြီး (၂၁-၈)၊ (၂၁-၉) မှတ် နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ၁၆ ဦးအဆင့်သို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
အလားတူ ၁၆ ဦးအဆင့်တွင် ကမ္ဘာ့အဆင့် ၉၆၉ ရှိ အိမ်ရှင်ယူဂန္ဓာကြက်တောင်မယ် ဘရန်ဒါမူ ဘာဂီ အား (၂၁-၉)၊ (၂၁-၁၃)မှတ်ဖြင့် အနိုင်ရရှိခဲ့ကာ ဆီမီးဖိုင်နယ်အဆင့်တက်ရောက်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်တွင် ကမ္ဘာ့အဆင့် ၂၁၆ ရှိ အီရန်ကြက်တောင်မယ် ဆာမင် နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၂၁-၁၂)၊ (၂၁-၁၅)မှတ် နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲအဆင့်တက်ရောက် နိုင်ခဲ့သည်။ ဗိုလ်လုပွဲစဉ်တွင် ကမ္ဘာ့ဘအဆင့် ၁၈၅ရှိ ဂျော်ဒန်ကြက်တောင်မယ် ဒိုမိုအမ်ရိုနှင့် ဆက်လက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သက်ထားသူဇာသည် လက်ရှိအချိန်တွင် ကြက်တောင်အားကစားတွင် ကမ္ဘာ့အဆင့် ၁၈၁ နေရာတွင် ရပ်တည်နေပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက ကျင်းပခဲ့သည် နီပေါနိုင်ငံတကာ စီးရီးပြိုင်ပွဲတွင် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့ကြောင်း သိရသည်။
MDN