၂၀၂၀-၂၀၂၁ အင်္ဂလန်ချန်ပီယံရှစ်ရာသီပြီးဆုံးမှုနှင့် မှတ်တမ်းမှတ်ရာများ

အင်္ဂလန်ချန်ပီယံရှစ်ရာသီပိတ်ပွဲစဉ်များကို စနေနေ့ ည ၆ နာရီတွင် တစ်ပြိုင်နက် ယှဉ်ပြိုင်ကစားခဲ့ရာ ချန်ပီယံ နော့ဝှစ်ခ်ျအသင်းက ဘန်လေအသင်းကို တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။ ဒုတိယနေရာမှ ဝက်ဖို့ဒ်အသင်းက ဆွမ်ဆီးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ချန်ပီယံနာ့ဝှစ်ချ်အသင်းသည် ချန်ပီယံရှစ်ပြိုင်ပွဲ ၄၆ ပွဲတွင် ၂၉ ပွဲနိုင်၊ ၁၀ ပွဲသရေ၊ ခုနစ်ပွဲရှုံး ရမှတ် ၉၇ မှတ်ဖြင့် အမှတ်ပေးဖလားကို ဆွတ်ခူးပြီး ပရီမီယာလိဂ်သို့လည်း တိုက်ရိုက်တန်းတက်ခွင့်ရရှိခဲ့သည်။ အမှတ်ပေးဇယား ဒုတိယနေရာမှ ဝက်ဖို့ဒ်အသင်းသည် ချန်ပီယံ ရှစ် ၄၆ ပွဲတွင် ၂၇ ပွဲနိုင်၊ ၁၀ ပွဲသရေ၊ ကိုးပွဲရှုံး ရမှတ် ၉၁ မှတ် ဖြင့် ပရီမီယာလိဂ်သို့ နော့ဝှစ်ချ်အသင်းနှင့်အတူ တိုက်ရိုက်တန်းတက်ခွင့်ရရှိခဲ့သည်။

ပရီမီယာလိဂ်သို့ တန်းတက်ခွင့် လက်ကျန်တစ်နေရာစာအတွက် ဘရန့်ဖို့ဒ်၊ ဆွမ်ဆီး၊ ဘန်စလေ၊ ဘုန်းမောက်အသင်းတို့ ရှုံးထွက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ရှုံးထွက်ပွဲစဉ်တွင် ဘရန့်ဖို့ဒ်နှင့် ဘုန်းမောက်၊ ဆွမ်ဆီးနှင့် ဘန်စလေ အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရွန်းနေ တာဝန်ယူကိုင်တွယ်နေသည့် ဒါဘီအသင်းသည် ရာသီပိတ်ပွဲစဉ် တွင် ရှက်ဖီးလ်ဝက်နက်စ်ဒေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး အပြန်အလှန်သွင်းဂိုးများနှင့်အတူ တစ်ဖက်သုံးဂိုးစီ သရေကျခဲ့သောကြောင့် လိဂ်ဝမ်းသို့ တန်းဆင်းရမည့်အရေးမှ ကင်းလွတ်ခွင့်ရရှိခဲ့သည်။ လိဂ်ဝမ်းသို့ တန်းဆင်းသွားရသည့်အသင်းများမှာ ဝိုင်ကမ်ဘီ၊ ရိုသာဟမ်၊ ရှက်ဖီးလ်ဝက်နက်စ်ဒေး အသင်းတို့ဖြစ်သည်။

ဂိုးအများဆုံးသွင်းယူသူအဖြစ် ဘရန့်ဖို့ဒ်အသင်းမှ အီဗန်တိုနေက ၃၁ ဂိုးဖြင့် မှတ်တမ်းတင်နိုင်ခဲ့သည်။ ဂိုးအပြတ်ဆုံး အိမ်ကွင်းနိုင်ပွဲအဖြစ် နော့ဝှစ်ခ်အသင်းက ဟက်ဒါဖီးလ်အသင်းကို ခုနစ်ဂိုးပြတ် အနိုင်ယူ ပြီး မှတ်တမ်းတင်နိုင်ခဲ့သည်။ ဂိုးအပြတ်ဆုံး အဝေးကွင်းနိုင်ပွဲအဖြစ် ပရက်စ်တန်အသင်းနှင့် ဘရန့်ဖို့ဒ် အသင်း တို့ပွဲစဉ်တွင် ဘရန့်ဖို့ဒ်အသင်းက ငါးဂိုးပြတ်အနိုင်ရရှိပြီး မှတ်တမ်းတင်နိုင်ခဲ့သည်။ ဂိုးအများဆုံး သွင်းယူနိုင်သည့်ပွဲစဉ်တွင်ဘရန့်ဖို့ဒ်အသင်းနှင့် ဝိုင်ကမ်ဘီအသင်းတို့ ပွဲစဉ်ဖြစ်၍ နှစ်သင်းပေါင်း ကိုးဂိုးဖြင့် မှတ်တမ်းတင်နိုင်ခဲ့သည်။

အရှည်ကြာဆုံးနိုင်ပွဲဆက်မှုအဖြစ် နော့ဝှစ်ချ်အသင်းက ကိုးပွဲဖြင့် မှတ်တမ်းတင်နိုင်ခဲ့သည်။ အရှည်ကြာ ဆုံး ရှုံးပွဲမရှိသည့်အသင်းအဖြစ်ဘရန့်ဖို့ဒ်အသင်းက ၂၁ ပွဲဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပြီး အရှည်ကြာဆုံး နိုင်ပွဲပျောက်မှုအသင်းအဖြစ် ဒါဘီ၊ ဝိုင်ကမ်ဘီအသင်းတို့က ၁၁ ပွဲဖြင့် မှတ်တမ်းတင်နိုင်ခဲ့သည်။ အရှည်ကြာဆုံး ရှုံးပွဲဆက်မှုအဖြစ် ရှက်ဖီးလ်ဝက်နက်စ်ဒေးနှင့် ဝိုင်ကမ်ဘီအသင်းတို့က ခုနစ်ပွဲဖြင့် မှတ်တမ်းတင်နိုင်ခဲ့သည်။

အောင်ဇော်