မုံရွာ ၂၃ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး တိုးချဲ့(၅)ထပ် လူနာကုသဆောင်အသစ် ဆောက်လုပ်ခြင်းလုပ်ငန်းများကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြီးစီးအောင် တည်ဆောက်သွားမည်ဟု ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းဝင်းက ပြောကြားသည်။
မုံရွာအထွေထွေရောဂါကုဆေးရုံကြီးသည် လက်ရှိတွင် ခုတင်(၅၀၀)ဆံ့ တိုင်းအဆင့် ဆေးရုံကြီး ဖြစ်သည့်အတွက် နေ့စဉ် ဆေးရုံတက်လူနာများ များပြားလျက်ရှိပြီး တိုးချဲ့(၅) ထပ် လူနာကုသဆောင် အသစ်ဖွင့်လှစ်နိုင်ပါက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများအတွက် ပိုမို အားထားရာရသည့် ဆေးရုံကြီးဖြစ်လာမည့်အပြင် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့နေရသည့် အရေးကြီးလူနာများကို လက်ခံကုသပေးနိုင်မည်ဖြစ်ကြောင်း၊ အများပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးနိုင်ရန် ရည်ရွယ်၍ တိုးချဲ့(၅)ထပ် လူနာကုသဆောင် အသစ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးက ပြောသည်။
မုံရွာမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး တိုးချဲ့(၅)ထပ် လူနာကုသဆောင်အသစ်ကို ၂၀၁၄ ခုနှစ် ဇူလိုင် ၁ ရက်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၈၀၀ သန်း၊ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၁၂၀၀ နှင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၃၉၅ ဒသမ ၉ သန်း အကုန်အကျခံ၍ တည်ဆောက် သွားမည်ဖြစ်သည်။
မုံရွာအထွေထွေရောဂါကုဆေးရုံကြီးမှာ ကုသမှုအထောက်အကူပြု ခေတ်မီစက် ကိရိယာများဖြစ်သည့် MRI (Magnetic Resonance Imaging) ၊ C T Scan( 128 slices) နှင့် Colour Doppler စက်များဖြင့် စတင်အသုံးပြုနေသည့်အပြင် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ ဆရာမနှင့် ဝန်ထမ်းအင်အား ပိုမိုပြည့်စုံလာပါက လူတိုင်းလက်လှမ်းမီသော အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးနိုင်မည်ဟု ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းဝင်းက ပြောသည်။
မွှေးကြူဇင် ၊ ဓာတ်ပုံ- ကိုရဲ
