မုံရွာ ၄  ဖေဖော်ဝါရီ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ (၁၅၀၀) တွင် လက်ရှိ အသုံးပြု လျက်ရှိသော သောက်သုံးရေရရှိမှုဆိုင်ရာ အချက်အလက်ကောက်ယူမှု လုပ်ငန်းများကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း (၅၉၉၅)ရွာရှိသည့်အနက် ကျေးရွာပေါင်း (၁၅၀၀)ကို ယခု ဘဏ္ဍာရေးနှစ်အတွင်း ကောက်ယူမည်ဖြစ်ပြီး ကျန်ရှိသော ကျေးရွာပေါင်း (၂၃၁၂)ရွာကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ်အတွင်း အပြီးကောက်ယူသွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းက ကျေးရွာပေါင်း (၂၁၈၃)ရွာတွင် အချက်အလက်များ ကောက်ယူပြီးစီးသွားပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“ ကျေးရွာများ၌လက်ရှိ အသုံးပြုလျက်ရှိသော ရေအရင်းအမြစ်၊ အများသုံးရေတိုင်စနစ်၊ အိမ်အရောက် ရေပိုက်သွယ်တန်းစနစ်၊ မြေသားရေကန်၊ ကွန်ကရစ်ရေကန်များမှ သုံးစွဲသည့်စနစ်၊ လက်ရှိအသုံးပြုလျက် ရှိသော စနစ်ဖြင့် ကျေးရွာများတွင်လုံလောက်မှု ရှိ/မရှိ စတဲ့အချက် အလက်များကို ကောက်ယူတာဖြစ်တယ်၊ ကောက်ယူပြီးစီးမှု အခြေအနေအရ အဲဒိကျေးလက် ဒေသတွေမှာ နှစ်ရှည်သောက်သုံးရေ အလုံအလောက် ရရှိရေး စီမံချက်တွေကိုလည်း ဆက်လက်ရေးဆွဲသွားပြီး အကောင်အထည်ဖော်လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိခင်ညို က ပြောသည်။

ကျေးလက်ဒေသသောက်သုံးရေ ရရှိမှုဆိုင်ရာအချက်အလက်များကို အသုံးချပြီး ၂၀၂၁ ခုနှစ် ဧပြီလအတွင်း တိုင်းဒေသကြီးရုံးများစိုက်ရာ မုံရွာမြို့နယ်၏ (၁၀)နှစ်စီမံချက်ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ အကုန်အတွင်း မြို့နယ်(၁၀)ခု၌ (၁၅)နှစ်စီမံချက်ကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလအတွင်း မြို့နယ်(၂၁)ခု၏ (၁၀)နှစ်စီမံချက်များကိုလည်းကောင်း ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)