မံစီ၊ ၂၄ ဇန်နဝါရီ

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာသင်ကျောင်းဆောင်ပေါင်း (၁၀)ဆောင် အသစ်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

စာသင်ကျောင်းဆောင်များ တည်ဆောက်နေမှုကို ဇန်နဝါရီ ၂၃ ရက်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်ဦးဆောင်သည့် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းအရည်အသွေး စစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ ခြေခံပညာအထက်တန်းကျောင်း(ဟန်ထက်)၌ တည်ဆောက်နေသည့် (၁၄၀ ပေ × ၃၀ ပေ) အာစီ(၂)ထပ်ဆောင် တည်ဆောက်နေမှုနှင့် ခြေခံပညာအထက်တန်းကျောင်း(မိုင်းခေါင်)၌ တည်ဆောက်နေသည့် (၁၇၀ ပေ × ၃၀ ပေ) အာစီ(၂)ထပ်ဆောင် တည်ဆောက်နေမှုကိုလည်းကောင်း၊ အခြေခံပညာမူလတန်းကျောင်း(သစ်ဆုံး)၌ တည်ဆောက်နေသည့် (၈၀ ပေ × ၃၀ ပေ) Steel Structure (၁)ထပ်ဆောင် တည်ဆောက်နေမှုနှင့် အခြေခံပညာမူလတန်းကျောင်း (မံမကောက်)၌ တည်ဆောက်နေသည့် (၆၀ ပေ × ၃၀ ပေ) Steel Structure (၁)ထပ်ဆောင် တည်ဆောက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ကျောင်းဆောင်သစ်များကို အန္တရာယ်ရှိ ကျောင်းဆောင်ဟောင်းများ ဖျက်သိမ်း၍ အသစ်တည်ဆောက်ခြင်း၊ ကျောင်းသားဦးရေအရ အသစ်တိုးချဲ့တည်ဆောက်ခြင်းတို့ဖြစ်ပြီး အထက်တန်းကျောင်းများတွင် အာစီ ၂ ထပ်ဆောင်များကိုလည်းကောင်း၊ မူလတန်းကျောင်းနှင့် မူလတန်းလွန်ကျောင်းများ၌ steel Structure (၁)ထပ်ဆောင်များကို လည်းကောင်း တည်ဆောက်လျက်ရှိရာ စုစုပေါင်း အာစီ ၂ ထပ်ဆောင် (၃)ဆောင်နှင့် steel Structure (၁)ထပ်ဆောင် (၇)ဆောင် တည်ဆောက်လျက်ရှိသည်။

 

ရိန် (ပြန်/ဆက်)