ထီးလင်း ၂၄ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၃၇၂၅၅၀၀၀၀ သိန်းဖြင့် လုပ်ငန်း (၃၇)ခုကို ဆက်လက်လျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထီးလင်းမြို့ပေါ်ရပ်ကွက်များရှိ ကန်တော်လေး မြို့ပတ်လမ်း၊ ငုရွှေဝါလမ်း၊ ဘုရင့်နောင်လမ်း စသည့်ရပ်ကွက်လမ်းများအား ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင် ခင်းကျင်းခြင်း၊ ဖိုးသဲကြီးလမ်းနှင့် သားတော်ရလမ်းဆုံ နေရာ၌ Pox Culvert ပြုလုပ်ခြင်း၊ ခတ္တာလမ်း ကျောက်ကြီးစီ မြေထိန်းနံရံပြုလုပ်ခြင်းနှင့် ရေပြွန်ပြုလုပ်ခြင်း စသည့်လုပ်ငန်းများ ပါဝင်ပြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၁၀)သန်း အထက်တွင် လုပ်ငန်း (၈)ခုကို ငွေကျပ်(၁၃၄ ဒဿမ ၈၂၄)သန်းဖြင့် လည်းကောင်း၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၀)သန်းအောက်တွင် လုပ်ငန်း (၂၀)ခုကို ငွေကျပ်(၈၁ ဒဿမ ၅၄)သန်းဖြင့် လည်းကောင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း(၁၀၀)အထက် လုပ်ငန်း (၁၂)ခုကို ငွေကျပ် ၂၇၂၉၀၀၀၀၀ ဖြင့် လည်းကောင်း၊ ကျပ်သိန်း(၁၀၀)အောက် လုပ်ငန်း (၂၅)ခုကို ငွေကျပ် ၉၉၆၅၀၀၀၀ ဖြင့်လည်းကောင်း၊ စုစုပေါင်း ငွေကျပ် ၃၇၂၅၅၀၀၀၀ ဖြင့် လုပ်ငန်းပေါင်း (၃၇)ခုကို ဆက်လက်လျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရှိရသည်။
အောင်စည်(ပြန်/ဆက်)


