နေပြည်တော် ၁၇ ဇွန်

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ် အားကစားနှင့် ကာယပညာ(သိပ္ပံ) ကျောင်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၁) အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။

 

mdn

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေသကဲ့သို့ မိမိတို့ဝန်ကြီးဌာနအောက်ရှိ အားကစားနှင့် ကာယပညာ(သိပ္ပံ) ကျောင်းများသည် ပညာရေးနှင့်တွဲဖက်၍ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လိုအပ်သော ညွှန်ကြားချက်များ၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားချက်များ ထုတ်ပြန်ထားရှိပြီး ဖြစ်ပါကြောင်း၊ သို့သော် မိမိတို့ အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အခြေခံပညာကျောင်းများနှင့် မတူသည်မှာ အားကစားလုပ်ငန်းများ တွဲဖက်လေ့ကျင့်၍ ပညာသင်ကြားဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အားကစား၊ လေ့ကျင့်သင်ကြားခွင့်ကို ခွင့်ပြုမှုရရှိနိုင်ရေး အမြန်ဆုံး တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ရှေးဦးစွာ ပညာသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ မှာကြားမှုသည် အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် သင်တန်းသူ/သင်တန်းသားများအား ကြိုတင်ခေါ်ယူပြီး ရောဂါကင်းရှင်းမှု ရှိ/မရှိ ကြိုတင်စစ်ဆေးမှု ခံယူပြီး ရောဂါကင်းရှင်းမှုရှိမှ ပညာသင်ကြားနိုင်ရေး ဆက်လက်စီစဉ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အကယ်၍ ရောဂါပိုးပါရှိသူတွေ့ရှိပါက သီးသန့်ခွဲထား၍ ကုသဆောင်ရွက်ရန် လိုအပ်သလိုပြုလုပ်မည် ဖြစ်ပါကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ရာတွင်လည်း ကျောင်းသားမိဘများမှ  ကျောင်းသားများ ပြန်လည်တက်နိုင်ခြင်း၊ ခွင့်ပြုခြင်း ရှိ/မရှိ ပြန်လည်မေးမြန်းနိုင်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ကျောင်းအစီအစဉ်ဖြင့် လျော့ချရန် လိုအပ်သော ကျောင်းသားစာရင်း၊ ဆက်လက်တက်ရောက်ရန် ဆန္ဒမရှိသော ကျောင်းသားစာရင်း စသည်တို့ကို သေချာစိစစ် စာရင်းပြုစုပြီး လက်ရှိအမှန်တကယ် သင်တန်းဆက်လက် တက်ရောက်မည့်အင်အားစုစည်း၍ ကျောင်းများဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ရန် လိုအပ်ပါကြောင်း။

 

 ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင်လည်း ကျောင်းသားများနှင့် ထိတွေ့ဆက်ဆံရမည့်နည်းပြများ၊ ကျွေးမွေးချက်ပြုတ်ရမည့် စားရိပ်သာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများ၊ ပညာရေးဆရာ/ ဆရာမများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေး အခြေအနေများကိုပါ မျက်ခြေမပြတ် စောင့်ကြည့်စစ်ဆေးရန် လိုအပ်ပါကြောင်း၊ (သိပ္ပံ)ကျောင်းများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးတွင် ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြရာတွင် အားရကျေနပ်မှုရှိပါကြောင်း၊ တတ်နိုင်ပါက (Wash-Basin) အား ခြေနင်းဖြင့်ပြုလုပ်သောစနစ်ကို ပိုမိုသဘောကျ၍ အားလုံးတစ်ညီတည်း အသုံးပြုရန် လိုအပ်ပါကြောင်း၊ ယခုနှစ် ပညာသင်နှစ်တွင် အားကစားနည်းအလိုက် ကျောင်းများ ပြောင်းရွှေ့ဖွင့်လှစ် စီမံဆောင်ရွက်ထားပါသော်လည်း ကိုဗစ်-၁၉ အချိန်အခါနှင့် တိုက်ဆိုင်နေပါသဖြင့် စီမံဆောင်ရွက်မှုအား ပြန်လည်ထပ်မံညွှန်ကြားသွားမည် ဖြစ်ပါကြောင်း။

 

ရောဂါမဖြစ်ပွားရေးနှင့် ကူးစက်မှုမရှိစေရေးတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိဝန်ထမ်းများ တာဝန်သာဖြစ်ပါကြောင်း၊ အားကစားလေ့ကျင့်ရာတွင် ပထမဆုံး တစ်ဦးချင်း သီးခြားလေ့ကျင့်သော လေ့ကျင့်ခန်းများကို လေ့ကျင့်စေချင်ပါကြောင်း၊ ပြင်းပြင်းထန်ထန် ပြုလုပ်ရသောလေ့ကျင့်ခန်းများတွင် Mask များချွတ်၍ လေ့ကျင့်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းများ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းများ ကျောင်းအုပ်ကြီးများက ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အားကစားနည်း(၁၁)နည်း လျှော့ချရန်အစီအစဉ်အား ကျောင်းသားမိဘများ အကြောင်းကြား တင်ပြနိုင်ရေး၊ သက်ဆိုင်ရာ ဒေသအာဏာပိုင် လူမှုရေးဝန်ကြီးများအား ကျောင်းအုပ်ကြီးများမှ ကြိုတင်တင်ပြနိုင်ရေး၊ ကျောင်းသားမိဘများမှ မိမိတို့ သားသမီးများ ဆက်လက်ပညာ သင်ကြားနိုင်ခြင်း ရှိ/မရှိကို စနစ်တကျ ပြုစုတင်ပြရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် လျှော့ချမည့် အားကစားနည်း (၁၁)နည်း၏ အားကစားအဖွဲ့ချုပ်မှ ပြန်လည်တင်ပြလာမည့် အခြေအနေကို သိရှိရန်လိုအပ်ပါကြောင်း၊ လောလောဆယ် ဘောလုံး (ကျား)အားကစားနည်းအား အဖွဲ့ချုပ်ဥက္ကဋ္ဌမှ ပြန်လည်ထည့်သွင်းပေးရန် ပြည်ထောင်စုဝန်ကြီးထံ တင်ပြထားပါကြောင်း၊ ရန်ကုန်-မန္တလေး(သိပ္ပံ) ကျောင်းများ၏ (Bsc Sports) ကျောင်းသားများအဆောင်အား လျာထားပြင်ဆင်ထားရှိမှုကို တွေ့ရှိရ၍ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ (Bsc Sports) ကျောင်းသားများ ပြန်လည်ရောက်ရှိလာရန် အခက်အခဲရှိပါကြောင်း၊ ၎င်းအချက်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်