လှိုင်းဘွဲ ၁ ဇူလိုင်  

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် မြို့နယ်အဆင့် Grade-10 သင်ရိုးသစ် Face to Face  ဆင့်ပွားသင်တန်းကို ယနေ့နံပိုင်းက လှိုင်းဘွဲမြို့ အထက(ခွဲ)၊ မူလွန်(၁)၊ မူလွန်(၃) ကျောင်းတို့တွင် ဖွင့်လှစ်သင်ကြား ခဲ့ကြောင်း သိရသည်။

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အရည်အသွေးပြည့်ဝသော ဆရာ ဆရာမများမှ အရည် အသွေးပြည့်ဝသော ကျောင်းသား ကျောင်းသူများအား ကိုယ်တိုင် ဆောင်ရွက်တတ်သည့် အလေ့ အကျင့်ကောင်းများ၊ အသုံးချ နိုင်စွမ်းနှင့်တွေ့ခေါ်မျှော်မြင်နိုင်မှုကို တိုးတက်စေပြီး ဗလ ငါးတန်နှင့်လူမှုဘဝ လက်တွေ့နယ်ပယ်တွင် အသုံးဝင်မည့် အသိပညာအတွေးအခေါ်များ ရရှိစေရန်၊ တီထွင်ဖန်တီးမှုများ တိုးတက်လာပြီး လက်တွေ့ဘဝတွင် အကျိုးရှိရှိ အသုံးချတတ်စေရန် ရည်ရွယ်၍ သင်ကြားပို့ချပေးခြင်းဖြစ်သည်။

 

အဆိုပါသင်တန်းတွင် ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန် သင်တန်းသားများ အတွက် လက်ဆေးကန်များ ထားရှိပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်းများအပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိကာ သင်တန်းကာလမှာ ဇူလိုင်လ(၁)ရက်နေ့မှ (၈)ရက်နေ့အထိ ဖြစ်ပြီး အထက်တန်းအဆင့် ဆရာ/မ(၂၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)