၉ ဇန်နဝါရီ
မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် ၂၀၂၀ အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများအတွက် အချိန်ယူလေ့ကျင့်ပြင်ဆင်သွားမည် ဖြစ်သည်။
မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲများအတွက် မတ်လနောက်ဆုံးပတ်တွင် စခန်းဝင်လေ့ကျင့်မည်ဖြစ်ပြီး နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်မည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းတွင် ရွေးချယ်ထားသည့် ကစားသမားအများစုမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည်ဖြစ်သောကြောင့် စခန်းဝင်လေ့ကျင့်နိုင်ခြင်းမရှိသေးဘဲ လေ့ကျင့်မှုမပြတ်စေရန်သာ တစ်ပတ်လျှင် ငါးကြိမ်လေ့ကျင့်လျက်ရှိသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းနည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းကိုသာ ဆက်လက်တာဝန်ပေးထားပြီး ၂၀၁၉ ခုနှစ်က ဖွဲ့စည်းခဲ့သည့် ယူ-၁၉ အသင်းကို အခြေခံဖွဲ့စည်းမည်ဖြစ်သည်။ ယင်းအသင်းသည် အသက် ၁၉ နှစ်အောက်ဖြစ်သော်လည်း ကစားသမားအများစုမှာ ၁၆ နှစ်ဝန်းကျင်သာရှိသေးပြီး အသက်မမီသည့် ကစားသမားများကို ပြန်လည်စေလွှတ်ကာ အသက်မီသည့် ကစားသမားများဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ် အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲကို ယူ-၁၈ ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အသက်မီသည့်ကစားသမားများ ပြန်လည်ရွေးချယ်ကာ စခန်းဝင်လေ့ကျင့်သွားမည်ဖြစ်သည်။ အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲကို ၂၀၁၄ ခုနှစ်က တစ်ကြိမ်သာ ကျင်းပခဲ့ဖူးပြီး ခြောက်နှစ်အကြာမှ တစ်ကျော့ပြန် ကျင်းပခြင်းဖြစ်သည်။
၂၀၂၀ အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲကို စက်တင်ဘာတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာလူငယ်အမျိုးသမီးအသင်းသည် ၂၀၁၉ ခုနှစ်တွင် အာရှခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည့်အသင်းလည်း ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ- စိုးညွန့်