၁၇ စက်တင်ဘာ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲ အုပ်စု (K) ပထမနေ့ကို စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ စတင်ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းသည် ထိုင်းအသင်းနှင့် စတင်ကစားရမည် ဖြစ်သည်။
ခြေစစ်ပွဲ အုပ်စု (K) တွင် မြန်မာ၊ တောင်ကိုရီးယား၊ ထိုင်းနှင့် တရုတ်တိုင်ပေအသင်းတို့ ပါဝင်နေပြီး အုပ်စုပွဲများကို တစ်နေ့လျှင် နှစ်ပွဲနူန်းဖြင့် ကျင်းပမည်ဖြစ်သည်။ ခြေစစ်ပွဲကို အုပ်စု ၁၁ ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုပထမနေရာရ ၁၁ သင်း၊ ဒုတိယနေရာရ ၁၁ သင်းအနက် အကောင်းဆုံးလေးသင်းတို့မှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
အုပ်စုပထမနေ့အဖြစ် ယနေ့ ညနေ ၃ နာရီတွင် တောင်ကိုရီးယားအသင်းနှင့် တရုတ်တိုင်ပေအသင်း၊ ညနေ ၆ နာရီတွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းအုပ်စုပွဲစဉ်များအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီက အင်းယားလိတ်ဟိုတယ်၌ ကျင်းပရာ မြန်မာ၊ ထိုင်း၊ တောင်ကိုရီးယားနှင့် တရုတ်တိုင်ပေအသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့သည်။
မြန်မာအသင်းနည်းပြချုပ် ဦးမင်းသူက''ဒီအသင်းကို ကိုင်တွယ်လာတာ တစ်လကျော်သွားပါပြီ။ ခြေစစ်ပွဲမတိုင်ခင် ဖိတ်ခေါ်ပြိုင်ပွဲနှစ်ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒီပြိုင်ပွဲတွေက အသင်းရဲ့ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ပြန်လည် ပြင်ဆင်ထားပါတယ်။ ခြေစစ်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်ထားသလို ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုကိုလည်း တွေ့မြင်ရမှာပါ။
အုပ်စုမှာ အင်အားကြီးအသင်းတွေနဲ့ ပါဝင်နေပေမယ့် ဘောလုံးမှာ ကြိုပြောဖို့ဆိုတာ ခက်ခဲပါတယ်။ ပြိုင်ဘက်တိုင်းကို အကောင်းဆုံးယှဉ်ပြိုင်ပြီး ရလဒ်ကောင်းအောင် ကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။ ထိုင်းအသင်းနည်းပြချုပ် ဆယ်လ်ဗာဒိုဂါစီယာက ''ကျွန်တော်တို့အသင်းအနေနဲ့ ပြီးခဲ့တဲ့ အာဆီယံ ယူ-၁၅ ပြိုင်ပွဲနဲ့ အခု အာရှခြေစစ်ပွဲအတွက် အချိန်ယူပြီး ပြင်ဆင်ထားပါတယ်။
မြန်မာအသင်းနဲ့ ပြီးခဲ့တဲ့ပြိုင်ပွဲမှာ မတွေ့ဆုံခဲ့ပေမယ့် သူတို့ကစားပုံကို တွေ့မြင်ခဲ့ပါတယ်။ မြန်မာအသင်းနဲ့ အိမ်ရှင် အသင်းဖြစ်သလို နည်းပြအပြောင်းအလဲလည်း ပြုလုပ်ထားတာကြောင့် အရင်ကထက် ပိုပြီးတိုးတက်လာမယ်လို့ ထင်ပါတယ်။ အဖွင့်ပွဲမှာ ရလဒ်ကောင်းအောင် ကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။
မြန်မာ ယူ-၁၆ အသင်းနည်းပြချုပ် ဦးမင်းသူသည် အသင်းနည်းပြချုပ်အဖြစ် ဩဂုတ် ၇ ရက်တွင် စတင်ခန့်အပ်ခံရပြီး မန္တလေးမြို့၌ ကျင်းပမည့် လေးနိုင်ငံ ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲနှင့် ဗီယက်နမ် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်