နေပြည်တော်  ၁၃  ဖေဖော်ဝါရီ

 


အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့် ခြေစစ်ပွဲအုပ်စုများကို ဖေဖော်ဝါရီ ၁၃ ရက်က ထုတ်ပြန်ခဲ့ရာ မြန်မာအသင်းသည် ပထမအဆင့်တွင် တွေ့ဆုံခဲ့သည့် အိန္ဒိယ၊ နီပေါအသင်းတို့နှင့် တစ်အုပ်စုတည်း ပြန်လည်ကျရောက်လျက်ရှိသည်။ 

 

ဒုတိယအဆင့်ခြေစစ်ပွဲကို လေးသင်းသုံးအုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က)တွင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါအသင်းတို့နှင့် ကျရောက်နေကာ အခြားအုပ်စုများတွင်မူ အုပ်စု (ခ)၌ ဗီယက်နမ်၊ ဂျော်ဒန်၊ ဟောင်ကောင်၊ ဥဇဘက်ကစ္စတန်၊ အုပ်စု (ဂ) တွင် တရုတ် (တိုင်ပေ)၊ အီရန်၊ ဖိလစ်ပိုင်နှင့် ပါလက်စတိုင်းအသင်းတို့ ပါဝင်နေသည်။ 

 

ယင်းပွဲစဉ်များကို ဧပြီ ၁ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီသာ တတိယအဆင့်သို့ တက်ရောက်မည်ဖြစ်သည်။

 

မြန်မာအသင်းသည် ပထမအဆင့်ခြေစစ်ပွဲတွင် တွေ့ဆုံစဉ်က အိန္ဒိယကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး နီပေါအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့ရာ ဒုတိယအဆင့်တွေ့ဆုံရာတွင် ရလဒ်ကောင်းရန် ရုန်းကန်ရဖွယ်ရှိနေသည်။ 

 

မြန်မာနိုင်ငံအနေဖြင့် ပထမအဆင့်ခြေစစ်ပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ဒုတိယအဆင့်ခြေစစ်ပွဲကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။ 

 

မြန်မာအမျိုးသမီးအသင်းသည် ယင်းခြေစစ်ပွဲအတွက် ဒီဇင်ဘာ ၁၇ ရက်ကတည်းက လေ့ကျင့်ပြင်ဆင်နေပြီး ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပလျက်ရှိသည့် အိန္ဒိယဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

 

ယင်းပြိုင်ပွဲတွင် မြန်မာ၊ အိန္ဒိယနှင့် နီပေါအသင်းတို့ တွေ့ဆုံနေပြီး သုံးကြိမ်ဆက် တွေ့ဆုံခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်