၁၅ မတ်
၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဝင်ခွင့်အတွက် Play-off ပွဲကို ယနေ့ညနေပိုင်းက စလင်းကွင်း၌ ကျင်းပရာ ရွှေပြည်သာအသင်း နိုင်ပွဲရယူပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
ယခုနှစ် ရှုံးထွက်ပြိုင်ပွဲတွင် အပျော်တမ်းအသင်းငါးသင်းကို ယှဉ်ပြိုင်ခွင့်ပြုထားပြီး တစ်နေရာအတွက် ရန်ကုန်လိဂ်တွင် တတိယရသည့် ရွှေပြည်သာအသင်းနှင့် ရန်ကုန်ပရီးမီးယားလိဂ် FA Cup ချန်ပီယံ ဇီးကုန်းအသင်းတို့ Play-off ကစားရခြင်းဖြစ်သည်။ ရွှေပြည်သာအသင်းသည် ဇီးကုန်းအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ရှုံးထွက်ပြိုင်ပွဲဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ရွှေပြည်သာအသင်းသည် ပထမပိုင်းကတည်းက နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် တစ်ဂိုးထပ်သွင်းနိုင်သောကြောင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရွှေပြည်သာအသင်းအတွက် ဂိုးများကို ပွဲချိန် ၁၁ မိနစ်နှင့် ၃၆ မိနစ်တွင် ဉာဏ်လင်းထက်၊ ၇၄ မိနစ်တွင် စောကာဗလအေးလှတို့က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဇီးကုန်းအသင်းအတွက် ချေပဂိုးကို ၂၁ မိနစ်တွင် ခိုင်စိုးဦးက သွင်းယူခဲ့သည်။ ရွှေပြည်သာအသင်းသည် ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့်တွင် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ငွေကြယ်ပွင့်အသင်းနှင့် ကစားရမည်ဖြစ်သည်။
၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို အသင်းပေါင်း ၂၅ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး အပျော်တမ်းငါးသင်း ယှဉ်ပြိုင်ခွင့်ရထားကာ လေးသင်းထွက်ပေါ်ပြီးဖြစ်သောကြောင့် ရန်ကုန်ပရီးမီးယားလိဂ် ချန်ပီယံအသင်းသာ ထွက်ပေါ်ရန်ကျန်ရှိတော့သည်။
သတင်း-ညီမြတ်သော်တာ