နေပြည်တော်   ၁၂  အောက်တိုဘာ 

 

(၂၀၂၀) မိုးစပါးရိတ်သိမ်းကာလနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီက  Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီး ပြည်နယ်မှူးများ က  Zoom Application အသုံးပြု၍ သက်ဆိုင်ရာဒေသများမှ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ၂၀၂၀ မိုးစပါးရိတ်သိမ်းကာလတွင် ဆောင်ရွက်ရ မည့် ရိတ်သိမ်းခြွေလှေ့ခြင်း၊ အခြောက်ခံခြင်း၊ သယ်ယူကြိတ်ခွဲခြင်း၊ စျေးကွက်သို့တင်ပို့ခြင်း စသည့် လုပ်ငန်းများတွင် မလိုလားအပ်သော ကုန်ကျစရိတ်ကြီးမြင့်မှု မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးဆိုင်ရာ အမိန့်ညွှန်ကြားချက်များနှင့် ဒေသန္တရအမိန့်များအရ နယ်ကျော်ဝင်ထွက်သွားလာမှု ကန့်သတ်ချက်များကြောင့် လယ်ယာလုပ်ငန်းခွင် အခက်အခဲများ မဖြစ်ပေါ်စေရေးတို့အတွက် လိုအပ်သည့် ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အစည်းအဝေး၌ ၂၀၂၀ မိုးစပါးစိုက်ပျိုးပြီးစီးခဲ့မှုနှင့် စပါးထွက်ရှိနိုင်မှု၊ ဒေသအလိုက် ရိတ်သိမ်းခြွေလှေ့ခြင်း၊ အခြောက်ခံခြင်း၊ ကြိတ်ခွဲသယ်ယူခြင်း စသည့်လုပ်ငန်းများအတွက် စက်ကိရိယာ၊ ကျွမ်းကျင်လုပ်သားနှင့် လယ်ယာ လုပ်သားလိုအပ်ချက် အခြေအနေများကိုလည်းကောင်း၊ Covid-19 Pandemic ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များအရ နယ်ကျော် ဝင်ထွက်သွားလာမှုများအပေါ် ကန့်သတ်မှုများကြောင့် တောင်သူများအနေဖြင့် ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ဝယ်ယူခြင်း သယ်ပို့ခြင်းဆိုင်ရာလုပ်ငန်းများတွင် ကြုံတွေ့လာနိုင်သည့် အခြေအနေများကိုလည်းကောင်း၊ အဆိုပါ အခက်အခဲများအတွက် လိုအပ်သည့် ကြိုတင် ညှိနှိုင်းပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

 

ယခုနှစ်မိုးစပါးရာသီတွင် စိုက်ဧက (၁၅ ဒသမ ၁)သန်းစိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ စက်တင်ဘာလကုန် အထိ (၁၄ ဒသမ ၇)သန်းစိုက်ပျိုးပြီးဖြစ်ကာ ယခင်နှစ် ကာလတူ စိုက်ဧရိယာထက် အနည်းငယ် ပိုမိုခဲ့သော်လည်း ရာသီကုန်အထိ စိုက်ပျိုးနိုင်မည့် ဧရိယာမှာ ယခင်နှစ်အောက်ဧက အနည်းငယ်သာ လျော့နည်းမည်ဟု ခန့်မှန်းထား ကြောင်း၊ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌ မိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ရာ စက်တင်ဘာလကုန်အထိ ပဲခူးဒေသကြီး၌ ဧကသုံးသောင်း‌ကျော်၊ ရန်ကုန်ဒေသကြီး၌ ဧကတစ်ထောင်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၌ ဧကနှစ်သောင်းကျော် ရိတ်သိမ်းပြီးဖြစ်သကဲ့သို့ အောက်တိုဘာလကုန်အထိ စုစုပေါင်းဧက သုံးသိန်းခွဲကျော်ခန့် ထပ်မံရိတ်သိမ်းသွားရန် ရှိနေကြောင်း သိရသည်။

 

တောင်သူများအနေဖြင့် ယခုနှစ်မိုးစပါးကို သက်လျင် သက်လတ် မျိုးကောင်း မျိုးသန့် စပါးမျိုးများ ပိုမိုအသုံးပြု စိုက်ပျိုးထားကြခြင်း၊ စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်းတို့ကြောင့် သက်တမ်းတို၍ ရင့်မှည့်ချိန်ကာလ တူညီကြပြီး တစ်ပြိုင်တည်း ရိတ်သိမ်းခြွေလှေ့ရန် လိုအပ်လျက်ရှိရာ အချိန်မီ ရိတ်သိမ်းနိုင်ရေးအတွက် ရိတ်သိမ်း ခြွေလှေ့စက်ကြီးများ အသုံးပြုရန် လိုအပ်မည်ဖြစ်ပြီး၊ စပါးလှိုင်လှိုင်ရိတ်သိမ်းရမည့် အချိန်များတွင် ဒေသတစ်ခုမှ တစ်ခုသို့ စက်ကြီးများ သယ်ယူပို့ဆောင်ရေးနှင့် ကျွမ်းကျင်လုပ်သားများ သွားလာရေးတို့သည်လည်း လိုအပ် လာမည်ဖြစ်သည်။ အလားတူ စပါးရောင်းချဝယ်ယူခြင်းလုပ်ငန်းများတွင် အကန့်အသတ်များကြောင့် စပါးစျေးနှုန်း အပေါ် သက်ရောက်လာပါက တောင်သူများအတွက် များစွာထိခိုက်နစ်နာနိုင်သည့် အခြေအနေများကို ကျော်လွှားနိုင်ရန် လိုအပ်သည့် ညှိနှိုင်းဆောင်ရွက်ရေးနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ရန် ယနေ့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်