၁ အောက်တိုဘာ


၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၀)နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ ရှမ်းယူနိုက်တက် အသင်းက ၁၁ ပွဲဆက်အနိုင်ရပြီး ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သည်။


YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ရတနာပုံအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယခုပွဲအနိုင်ရပါက ချန်ပီယံဆုကာကွယ်နိုင်မည့် ရှမ်းယူနိုက်တက်အသင်းသည် လိုအပ်နေသည့် အနိုင်သုံးမှတ် ရယူကာ ချန်ပီယံဆုကာကွယ်နိုင်ခဲ့သည်။

 

ရှမ်းယူနိုက်တက်အသင်းသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် သုံးကြိမ်မြောက် ချန်ပီယံဆုရရှိခြင်းဖြစ်ပြီး နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲတွင်လည်း ရတနာပုံအသင်းကို အသာစီးမှကစားကာ နှစ်ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။



ရှမ်းယူနိုက်တက်အသင်းသည် ချန်ပီယံဆုအတွက် အရေးပါသည့်ပွဲဖြစ်သောကြောင့် နိုင်ငံခြားသားကစားသမားများ အပါအဝင် အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ရတနာပုံအသင်းကလည်း အောင်သူမှလွဲ၍ လူစုံအသုံးပြုခဲ့သည်။ ခြေစွမ်းအရ ကွာခြားမှုမရှိသော်လည်း ချန်ပီယံဆုအတွက် မဖြစ်မနေအနိုင်ရရန် လိုအပ်နေသည့် ရှမ်းယူနိုက်တက်အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ၃၆ မိနစ်တွင် တိုက်စစ်မှူး ကိသ်မာတူနာက အဖွင့်ဂိုးသွင်းယူခဲ့သည်။

 

ဒုတိယပိုင်းတွင်လည်း ရှမ်းယူနိုက်တက်အသင်းက ဂိုးထပ်ရရန် ကြိုးပမ်းခဲ့ပြီး ရတနာပုံအသင်းက ဂိုးပေါက် ခြိမ်းခြောက်မှုပြုလုပ်နိုင်ခဲ့သော်လည်း ချေပဂိုးရအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ မိနစ် ၇၀ တွင် ရှမ်းယူနိုက်တက် အသင်း ဒုတိယဂိုးရခဲ့ပြီး တောင်ပံကစားသမား နန္ဒကျော်က သွင်းယူခဲ့ခြင်းဖြစ်သည်။



သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းနှင့် ဧရာဝတီအသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။ ချန်ပီယံ မျှော်လင့်ချက်အတွက် နှစ်သင်းစလုံး အားကုန်ထုတ်ကစားခဲ့ပြီး အပြန်အလှန်သွင်းဂိုးများဖြင့် သရေကျခဲ့ခြင်း ဖြစ်သည်။

 

ဇယားထိပ်ဆုံးမှ ရှမ်းအသင်းအနိုင်ရသွား၍ ချန်ပီယံဆုနှင့် လွဲချော်ခဲ့သော်လည်း သရေကစားနိုင်ခဲ့သည့် ဟံသာဝတီ အသင်းက ဒုတိယနေရာရရှိခဲ့သည်။ ဧရာဝတီအသင်းသည် နှစ်ကြိမ်တိုင် ဦးဆောင်ဂိုးများရသော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်၍ သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

 

ဧရာဝတီအသင်းအတွက် ဦးဆောင်ဂိုးများကို ၄ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဆာဆက်၊ မိနစ် ၄၀ တွင် ရဲလင်းထက်တို့က သွင်းယူပြီး ဟံသာဝတီအသင်းအတွက် ချေပဂိုးများကို ၂၂ မိနစ်တွင် မျိုးဇော်ဦးနှင့် ၄၂ မိနစ်တွင် အောင်မိုးထွေး(၂)တို့က သွင်းယူခဲ့သည်။



ရှမ်းယူနိုက်တက်နှင့် ရတနာပုံပွဲအပြီးတွင် ဆုချီးမြင့်ပွဲကျင်းပခဲ့ပြီး ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသားများက ဆုတံဆိပ်များကို ကိုယ်တိုင်ယူစနစ်ဖြင့်ရယူကာ စင်မြင့်ပေါ်တွင်ထားရှိသည့် ဆုဖလားကိုရယူကာ အောင်ပွဲခံခဲ့ကြ သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ဆုပေးပွဲကို တာဝန်ရှိပုဂ္ဂိုလ်များက မချီးမြှင့်ဘဲ ကိုယ်တိုင်ယူစနစ်ဖြင့်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၄၄ မှတ်ဖြင့် ချန်ပီယံဖြစ်ခဲ့ကာ ဟံသာဝတီအသင်းက ၄၁ မှတ်ဖြင့် ဒုတိယ၊ ဧရာဝတီအသင်းက ရမှတ် ၄၀ ဖြင့် တတိယဆုရရှိခဲ့သည်။

 

ယင်းအသင်းများ၏နောက်တွင် ရန်ကုန်အသင်းက ၃၇ မှတ်၊ ရတနာပုံအသင်းက ရမှတ် ၂၀၊ ရခိုင်အသင်းက ၁၈ မှတ်၊ စစ်ကိုင်းအသင်းက ၁၇ မှတ်၊ မကွေးအသင်းက ၁၆ မှတ်၊ အားကာသိပ္ပံအသင်းက ၁၁ မှတ်နှင့် Southern အသင်းက ၁၀ မှတ်ရရှိခဲ့သည်။


MNL ပြိုင်ပွဲကို ၁၂ ရာသီ ကျင်းပပြီးစီးခဲ့ပြီး ယခုနှစ်တွင် ဗိုလ်စွဲခဲ့သည့် ရှမ်းယူနိုက်တက်အသင်းက သုံးကြိမ်မြောက် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ စုစုပေါင်း ၁၂ ကြိမ်တွင် ရန်ကုန်အသင်းက ငါးကြိမ်ဖြင့် အကြိမ်အများဆုံးဗိုလ်စွဲထားကာ ရတနာပုံအသင်းက လေးကြိမ်၊ ရှမ်းယူနိုက်တက်အသင်းက သုံးကြိမ် ဗိုလ်စွဲထားသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်