ချောင်းဆုံ ၂၂ ဇူလိုင်
ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် 2020 ONLINE CHESS အိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၂ ရက်တွင် ONLINE မှတစ်ဆင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြုအနေနှင့် မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှ ကစားသမား အမျိုးသား(၁)ဦးနှင့် ချောင်းဆုံမြို့နယ်တို့မှ ကစားသမား အမျိုးသမီး(၁)ဦးတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
“စစ်တုရင်ပြိုင်ပွဲကို မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်မှ စစ်တုရင် လက်ရွေးစင် (၁၂)ဦး ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ပြီး မွန်ပြည်နယ်မှ (၂)ဦး ရွေးချယ်ခြင်းခံရကြောင်း၊ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်မှ အကြောင်းကြားတဲ့ အချိန်မှာ နီးကပ်လွန်းပြီး ONLINE ကနေ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အခက်အခဲ အချို့ရှိလာနိုင်ပြီး ကစားကွက်ကို အကောင်းဆုံးပြင်ဆင်ထားတယ်” ဟု မွန်ပြည်နယ် ကစားသမား (၂) ဦး၏ နည်းပြဖြစ်သူ ပြည်နယ်စစ်တုရင် အားကစားဆပ်ကော်မတီ အတွင်းရေးမှူး ဦးမင်းလွင်ဦးက ပြောသည်။
အဆိုပါ 2020 ONLINE CHESS အိုလံပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း (၁၆၃)နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး FIDE ONLINE CHESS အိုလံပစ်၊ CHESS 24 နှင့် CHESS.com စသည့် လိုင်းများတွင် ဇူလိုင် ၂၂ ရက်မှစ၍ တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကေအေ(ချောင်းဆုံ)


