ရန်ကုန် ၄ ဇန်နဝါရီ
၂၀၂၀ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၅)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနခန်းမရှေ့၊ သုမင်္ဂလာလမ်းမကြီး၌ ကျင်းပခဲ့သည်။
အဆိုပါ မီနီမာရသွန်ပြိုင်ပွဲကို တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ မြို့နယ်တွဲဖက်အား/ကာမှူး ဦးစီးအရာရှိ ဒေါ်ခင်ဆွေအေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်အားပေးခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် (၁၇၈)ဦးခန့် ပါဝင်ယှဉ်ပြိုင်ကြပြီး သုမင်္ဂလာလမ်းမှ ပါရမီလမ်း၊ ပါရမီလမ်းမှ သံသုမာလမ်း၊ သံသုမာလမ်းမှ မေတ္တာလမ်း၊ မေတ္တာလမ်းမှ သုမင်္ဂလာလမ်းတလျှောက် မီနီမာရသွန် ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး တို့မှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
နေထက်အောင်