နေပြည်တော် ၁၉ ဇူလိုင်

၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များနှင့်အညီ ကျင်းပလျက်ရှိရာ  နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် ပျဉ်းမနား - တောင်ညို လမ်းမကြီးပေါ်ရှိ  ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အဝိုင်း၌ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့် ပြည်သူများလာရောက်၍ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြသည်။

အဆိုပါအခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ပြည်သူများက  ယနေ့နံနက် နာရီမှ စတင်၍ အစုအဖွဲ့များအလိုက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

အခမ်းအနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူကဒီနေ့ ကျရောက်တဲ့ (၇၃)နှစ်မြောက် အာဇာနည်နေ့မှာ ပထမဆုံးအကြိမ် နေပြည်တော်နယ်မြေကိုယ်စားပြုပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုတဲ့အစီအစဉ်ကို ပြုလုပ်တာ ဖြစ်ပါတယ်။ အခုလို အလေးပြုတဲ့ အစီအစဉ်ကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကျင်းပဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ ရည်ရွယ်ချက်က လက်ရှိလူငယ်တွေ၊ အနာဂတ်လူငယ်တွေ၊ ပြည်သူတွေအနေနဲ့ အမိမြန်မာပြည် လွတ်လပ်ရေးအတွက် ဆောင်ရွက်ခဲ့ကြတဲ့ အာဇာနည်တွေရဲ့ ကျေးဇူးတရားတွေနဲ့ စိတ်ဓာတ်စွမ်းအားတွေကို အောက်မေ့သတိရနေဖို့အတွက် အခုလို ဆောင်ရွက်တာ ဖြစ်ပါတယ်။

“မြို့နယ်အရပ်ရပ်မှာ သက်ဆိုင်ရာအဖွဲ့တွေက ဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ကြေးရုပ်တွေမှာ အခမ်းအနားတွေ လုပ်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူးပြီး ဆွမ်းဆက်ကပ်လှူဒါန်းမှုတွေ လုပ်တယ်။ အခုအခြေအနေအရ လူစုလူဝေးတွေနဲ့ ကျင်းပတဲ့ အခမ်းအနားမျိုးမဟုတ်ဘဲ ကိုဗစ်-၁၉ ရောဂါကြောင့် သတ်မှတ်ထားတဲ့ Social Distancing နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်ဟု ပြောသည်။

အာဇာနည်နေ့အခမ်းအနားသို့ လာရောက်ဂါရ၀ပြုသည့် ဇေယျာသီရိမြို့နယ် ဦးကျော်စွာဝင်းကအာဇာနည်နေ့မှာ ကိုဗစ်-၁၉ ကြောင့် လာရောက်ဂါရ၀ပြုတဲ့သူတွေနည်းတာ တွေ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ စိတ်ဓာတ်နဲ့ စွမ်းအားဟာ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက်  နမှုနာပြယုဂ် တစ်ခုဖြစ်တယ်။ ဗိုလ်ချုပ်လမ်းညွှန်မှာကြားတဲ့ လမ်းညွှန်ချက်တွေနဲ့အတူ တိုင်းပြည်တိုးတတ်အောင် စိတ်ရင်းစေတနာနဲ့ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်ဟု ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ပြည်သူများက ဗိုလ်ချုပ်မြင်းစီးကြေးရုပ်၌ အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရခြင်းအားဖြင့် ဥဩဆွဲ၍ နှစ်မိနစ်ခန့်ငြိမ်သက် ဂါရ၀ပြုကြသည်။

သတင်း- ဟိန်းမင်းစိုး၊ ဓာတ်ပုံ- ချက်ကြီး

 

2114