နေပြည်တော် ၁၇ နိုဝင်ဘာ
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင် ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုအနေဖြင့် အစိုးရအလုပ်အကိုင် ၂၁၈၅ နှင့် ပုဂ္ဂလိကအလုပ်အကိုင် ၅၂၅၇ ဦး စုစုပေါင်း ၇၄၄၂ ဦးကို အလုပ်အကိုင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှုအနေဖြင့် ကိုရီးယားနိုင်ငံသို့ ၁၀၂ ဦးနှင့် ဂျပန်နိုင်ငံသို့ ၃၄၃ ဦး စုစုပေါင်း ၄၄၅ ဦးကို အလုပ်အကိုင်အတွက် စေလွတ်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


