နေပြည်တော် ၁၂ ဒီဇင်ဘာ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု United States Institute of Peace (USIP) တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုံခြုံရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု United States Institute of Peace (USIP)မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ေ

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅)ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲလုပ်ငန်းစဉ်များအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲတစ်ခု တည်ငြိမ်အေးချမ်းစွာကျင်းပနိုင်ရန် ကော်မရှင်တစ်ခုတည်းဖြင့် ဆောင်ရွက်၍မရပါကြောင်း၊ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများ၏ ပူးပေါင်းပါဝင်မှုများစွာ လိုအပ်ပါကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအလိုက် ပူးပေါင်းဆောင်ရွက်ရမည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉ − ၂၀၂၂) တွင် ကဏ္ဍစုံမှပါဝင်ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း ထည့်သွင်းရေးဆွဲထားပါကြောင်း၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာများကို တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ရွေးကောက်ပွဲလုံခြုံရေးဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်များအပါအဝင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သူအားလုံး၏ လူပုဂ္ဂိုလ်လုံခြုံရေး၊ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ပစ္စည်းလုံခြုံရေးနှင့် ရွေးကောက်ပွဲကျင်းပသည့် မဲရုံနေရာလုံခြုံရေးတို့ကို ဆောင်ရွက်ရပါကြောင်း၊ ထို့အပြင် မဲလက်မှတ်နှင့် စာရွက်စာတမ်းများလုံခြုံရေး၊ ပဋိပက္ခများ မဖြစ်ပွားစေရေးနှင့် ဒေသတွင်းလုံခြုံရေးများကိုပါ ဆောင်ရွက်ကြရပါကြောင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်ကာလများထဲမှ မဲစာရင်းကြေညာခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ မဲပေးခြင်းနှင့် မဲရလဒ်များ ကြေညာသည့် ကာလများတွင် အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေး အထူးဂရုစိုက်ရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲလုံခြုံရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကြသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ရဲတပ်ဖွဲ့များအနေဖြင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များကို သိရှိထားသင့်ပါကြောင်း။

နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (Code of Conduct) နှင့် ၂၀၁၅ ခုနှစ်ကတည်းက ရေးဆွဲထားသည့် ရွေးကောက်ပွဲဆိုင်ရာ ရဲဝန်ထမ်းကျင့်ဝတ်တို့ကိုလည်း သိရှိလိုက်နာကြရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှစတင်၍ ရွေးကောက်ပွဲလုံခြုံရေးကို အထောက်အကူဖြစ်စေမည့် စေ့စပ်ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည့်အတွက် ရွေးကောက်ပွဲများကို တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာ အသုံးပြုမှုမြင့်မားလျက်ရှိပြီး လူ့အဖွဲ့အစည်းအတွင်းတွင် အမုန်းစကားများ၊ သတင်းအမှားများဖြင့် တိုက်ခိုက်မှုများသည် ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်လာနိုင်သည့်အတွက် အမုန်းစကားများ၊ သတင်းအမှားဖြင့်လှုံ့ဆော်ခြင်းကို တားဆီးကာကွယ်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ USIP၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး Mr. Jason Tower က အမှာစကားပြောကြားသည်။ ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌသည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 

သတင်းစဉ်