မန္တလေး ၅ သြဂုတ်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းလာကြည့်သူ ၆၆ သိန်းကျော်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
ယနေ့ကျင်းပသည့် ကိုဗစ်-၁၉ ကာလအတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆွေးနွေးသည့်ပွဲတွင် ယခုလိုပြောခဲ့ခြင်း ဖြစ်သည်။
‘မဲစာရင်းလာကြည့်တဲ့သူ မနေ့ကအထိ ၆ သန်းနဲ့ ၆ သိန်းကျော် (၆၆ သိန်းကျော်) ရှိပါတယ်။ အရင်က အဲလိုတစ်ခါမှ မကြည့်ဖူးပါဘူးခင်ဗျ၊ တော်တော်လေး ကျေနပ်စရာကောင်းပါတယ်’ ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
ပထမအကြိမ်မဲစာရင်းတွင် မဲပေးပိုင်ခွင့်ရှိပေမဲ့ မိမိအမည် မဲစာရင်းတွင်မပါဝင်ခြင်း ပုံစံ (၃)ဖြင့် တောင်းဆိုသူ ၂၁၀၀၀၀ ကျော်၊ ကိုယ်ရေးအချက်အလက် မမှန်ကန်ခြင်း ပုံစံ(၄-ဂ)ဖြင့် တောင်းဆိုသူ ၁၅၀၀၀၀ ကျော်၊ မဲစာရင်းတွင် မပါဝင်သင့်သူတစ်ဦး ပါဝင်နေခြင်း ပုံစံ(၄)ဖြင့် ကန့်ကွက်သူ ၆၆၀၀၀ ကျော်ရှိကြောင်း သိရသည်။
ပထမအကြိမ်မဲစာရင်းကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ ကပ်ထားမည်ဖြစ်ပြီး ဒုတိယအကြိမ် မဲစာရင်းကို လာမယ့် အောက်တိုဘာလမှာ ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
မေသက်ထား