နေပြည်တော်  ၁၃ နိုဝင်ဘာ

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှသင်တန်းသား၊ သင်တန်းသူများ၊ International Institute for Democracy and Electoral Assistance (International IDEA) အဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေးဆိုသည့် စံ(၅)ချက်နှင့်အညီ စံပြရွေးကောက်ပွဲဖြစ်စေ ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် တာဝန်ယူဆောင်ရွက်နေရသည့် ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များနှင့်အညီ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရည်အသွေးနှင့် စွမ်းဆောင်ရည်များ မြင့်မားနေရန် လိုအပ်ပါကြောင်း။

 

သင်တန်းတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတွက် အဓိကကျသော ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ် Code of Conduct (CoC)၊ မဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်း၊ မဲပေးခြင်းနှင့်မဲရေတွက်ခြင်း၊ ကြိုတင်မဲပေးခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ စီမံခန့်ခွဲခြင်း၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၏ အခန်းကဏ္ဍများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းလမ်းညွှန်များ စသည့် အခြေခံကျသော သင်ခန်းစာများကို ခေါင်းစဉ် (၁၀)ခုဖြင့် ပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းအပတ်စဉ်တစ်ခုလျှင် သင်တန်းသား (၁၀ဝ)ခန့်ဖြင့် (၃)ရက်စီကျင်းပမည်ဖြစ်ပြီး သင်တန်းအပတ်စဉ် (၃)ခုခွဲ၍ သင်တန်းသား (၃၀ဝ)ခန့်ကို ပို့ချပေးသွားမည်ဖြစ်ကြောင်း။

 

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းများပြုစုပြီး ဖြစ်ပါကြောင်း၊ ရရှိထားပြီးဖြစ်သည့်မဲစာရင်းများကို လုပ်ငန်းစီမံချက်အတိုင်း Up to Date ဖြစ်စေရန် စိစစ်ပြင်ဆင်ဆောင်ရွက်သွားမှသာ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရန် (၁)နှစ်ခန့်သာလိုတော့သည့်အတွက် လုပ်ငန်းများ စဉ်ဆက်မပြတ်ရှိနေမည်ဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်အလိုက် လုပ်ဆောင်ရမည့် ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နေမှသာ လုပ်ငန်းများ အဆင်ပြေချောမွေ့မှုရှိ၍ ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်ပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်မှုများသည် မှန်ကန်တိကျမှုရှိရန်၊ ရွေးကောက်ပွဲဥပဒေများ၊ နည်းဥပဒေများနှင့်အညီဖြစ်ရန်၊ ဘက်လိုက်မှုကင်းပြီး သမာသမတ်ကျရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းသည် ဆရာဖြစ်သင်တန်း ဖြစ်သည့်အတွက် သင်တန်းသားများ အနေဖြင့် သင်တန်းကပို့ချသည်များကို စနစ်တကျ လေ့လာသင်ယူကြရန်နှင့် မိမိတို့ကိုယ်တိုင်လက်တွေ့ ဆောင်ရွက်ရသည့် အတွေ့အကြုံများ၊ ဗဟုသုတများကို စိတ်ပါဝင်စားစွာ မှတ်သားလိုက်နာကြရန်လို အပ်ပါကြောင်း၊ သို့မှသာ မိမိတို့ဒေသများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံအဖွဲ့ဝင်များကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရာတွင် အခက်အခဲမရှိ ပို့ချနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် International IDEA အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Mark Mc Dowell က အမှာစကားပြောကြားသည်။

 

ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး သင်တန်းပထမနေ့အစီအစဉ်များကို ဆက်လက်ကျင်းပသည်။

 

အဆိုပါသင်တန်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် International IDEA အဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ယနေ့သင်တန်းသို့တိုင်း ဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်မှ သင်တန်းသား၊ သင်တန်းသူ (၁၀၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

 

jdifs