နေပြည်တော် ၁၉ ဇွန်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံဆော်ရေး အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်မှုနှင့် ပတ်သက်၍ တင်ပြဆွေးနွေးသည့်အစီအစဉ်ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လှုံ့ဆော်ရေး အစီအစဉ်များအဖြစ် အသိပညာပေး TV Spot များ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးအစီအစဉ်များ၊ လှုံ့ဆော်ရေးတေး သီချင်းများ၊ ဇာတ်လမ်းများ၊ ဇာတ်လမ်းတိုများ ထုတ်လုပ်ရိုက်ကူးနိုင်ရန် စီစဉ်လျက်ရှိသည့် အခြေအနေ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး အစီအစဉ်များကို ယခုလ ၁၇ ရက်မှ စတင် ထုတ်လွှင့်ပြသမှု၊ ရွေးကောက်ပွဲဆိုင်ရာ လှုံဆော်တေးသီချင်းများနှင့် ဇာတ်လမ်းတို များကို ဇူလိုင်လဆန်းမှ စ၍ ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရိုက်ကူးထားသည့် TV Spot များ၊ တေးသီချင်းများနှင့် အသိပညာပေး အစီအစဉ် နမူနာများကို ကြည့်ရှုကြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်က အသိပညာပေးလှုံ့ဆော်ရေး အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့က အသိပညာပေးလှုံ့ဆော်ရေးအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ရန်အတွက် စီစဉ်ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလဖြစ်သည့်တွက် Social distancing သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရေး၊ အသိပညာပေး အစီအစဉ်များ ဖြစ်သည့်အတွက် အများပြည်သူ စိတ်ဝင်စားမှုရှိပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ရရှိနိုင်သည့် အစီအစဉ်များ ဖြစ်စေရေး၊ စိတ်ဝင်စားဖွယ် ရိုက်ကူးထုတ်လွှင့်နိုင်ရေးတို့ကို ဆွေးနွေး မှာကြားသည်။
(သတင်းစဉ်)


