၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး မဟာဗျူဟာ စီမံချက်တစ်ရပ် ရေးဆွဲဆောင်ရွက်လျက်ရှိ

နေပြည်တော် ၂၂ ဇွန် 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထ ွေရွေးကောက်ပွဲကို လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်းကောက်ယူပြုစုသွားမည့် အခြေအနေ၊ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ခိုင်မာအားကောင်းစွာ ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

 

mdn

 

မေး။  မဲစာရင်းမူကြမ်းကို ဘယ်အချိန်မှာ ထုတ်ပြန်သွားမယ်၊ ပြီးပြည့်စုံတဲ့ မဲစာရင်း ရရှိဖို့အတွက် ဘယ်လိုစနစ်တွေနဲ့ ကောက်ယူသွားမယ်ဆိုတာနဲ့ စစ်ဘေးရှောင်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေ မကျန်အောင် မဲစာရင်း ဘယ်လိုကောက်ယူမလဲဆိုတာ သိပါရစေ။

ဖြေ။    ပြီးပြည့်စုံတဲ့ မဲစာရင်းရရှိဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။ စီမံချက်အရ ၂၀၁၉ ခုနှစ် ဇွန်လ တတိယပတ်ကစတင်ပြီး လူဦးရေစာရင်းနဲ့ အချက်အလက်တွေ ကောက်ယူပြုစုခြင်း၊ ကောက်ယူပြုစုပြီးတဲ့ လူဦးရေစာရင်းနဲ့ အချက်အလက်တွေအရ လိုအပ်တဲ့ အချက်အလက်တွေကို စိစစ်ခြင်း၊ စိစစ်ပြီးတဲ့ အချက်အလက်တွေကို မဲဆန္ဒရှင်စာရင်းအဖြစ် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ကူးပြောင်းပြုစုခြင်း၊ ပြုစုပြီးတဲ့ မဲဆန္ဒရှင်စာရင်းတွေကို ကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့အညီ အခြေခံမဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆန္ဒရှင်စာရင်းကောက်ယူရာမှာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပြဋ္ဌာန်းချက်ပါ ဆန္ဒနယ်တစ်နယ်မှာ နေထိုင်လျက်ရှိတဲ့ စစ်ဘေးရှောင်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေအပါအဝင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူတိုင်းကို ကောက်ယူပြုစုမှာ ဖြစ်ပါတယ်။ ကောက်ယူပြုစုပြီးတဲ့ အခြေခံဆန္ဒရှင်စာရင်းတွေကို ကော်မရှင်ကသတ်မှတ် ညွှန်ကြားတဲ့အချိန်မှာ ကပ်ထားကြေညာနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။  ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုတွေနဲ့ ပတ်သက်ပြီးတော့ အမှုတွေ ဘယ်လောက်ကျန်သေးတယ်၊ အမှုတွေဘယ်လောက် စီရင်ချက် ချမှတ်ပြီးပြီဆိုတာကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။   ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှု နှစ်မှုရှိပြီး စီရင်ချက် ချမှတ်ပြီးဖြစ်ပါတယ်။ အမှုတစ်ခုကတော့ အယူခံ ဝင်ထားပါတယ်။ နောက်တစ်မှုကတော့ အယူခံတင်လာခြင်း မရှိသေးပါဘူး။

မေး။  လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ ဆန္ဒနယ်တွေ ရှိပါတယ်။ အဲဒီဆန္ဒနယ်တွေထဲက လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ ကျင်းပသွားမယ့် ဆန္ဒနယ်တွေ ရှိပါသလား။ ဒါနဲ့ပတ်သက်ပြီး ကော်မရှင်အနေနဲ့ ဆောင်ရွက်သွားမှာတွေ ရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ လုံခြုံရေးအခြေအနေအရ တစ်မြို့နယ်လုံး ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ်ခုနစ်မြို့နယ် ရှိခဲ့ပါတယ်။ ဒီမြို့နယ် ခုနစ်မြို့နယ်အနက် မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်တွေကို ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်ပေးနိုင်ခဲ့တာကတော့ အားလုံး သိရှိပြီးဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်တဲ့ အခါမှာတော့ မြို့နယ်အားလုံး ကျင်းပသွားနိုင်ရေး ဆောင်ရွက်သွားဖို့ကိုတော့ ရည်မှန်းချက်ထားရှိပါတယ်။

မေး။   ဆန္ဒရှင် အသိပညာပေးလုပ်ငန်းတွေ ထိရောက်ဖို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေအတွက် ဒေသသုံးတိုင်းရင်းသား ဘာသာစကားနဲ့ ဆောင်ရွက်သင့်တယ်ဆိုပြီး အကြံပြုကြပါတယ်။ ပြီးတော့ သွားရောက်ဖို့ ခက်ခဲတဲ့၊ ဝေးလံတဲ့ဒေသတွေအတွက် ဆန္ဒရှင် အသိပညာပေးလုပ်ငန်းကို ဘယ်လို ဆောင်ရွက်သွားမယ်ဆိုတာ ပြောပြပေးစေလိုပါတယ်။

ဖြေ။   ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဆန္ဒရှင် အသိ ပညာပေး အထောက်အကူပြုပစ္စည်းတွေဖြစ်တဲ့ ဆန္ဒရှင်အသိပညာပေး ဗီနိုင်းပိုစတာ၊ မဲပေးပုံအဆင့်ဆင့် အသိပညာပေး ဗီနိုင်းပိုစတာ၊ မဲပေးဖို့ တိုက်တွန်း လှုံ့ဆော်တဲ့ ဗီနိုင်းပိုစတာတွေကို တိုင်းရင်းသားဘာသာစကား ငါးမျိုးနဲ့ ဖြန့်ဖြူးပေး နိုင်ခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) မှာလည်း ပြည်သူလူထုနဲ့ ဆန္ဒရှင်အသိပညာပေးခြင်း ခေါင်းစဉ်နဲ့ အခန်းကဏ္ဍတစ်ရပ် ထည့်သွင်းရေးဆွဲထားပါတယ်။ ဒီလိုထည့်သွင်းရေးဆွဲပြီးတော့ ပိုမိုပြီး ကျယ်ကျယ် ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ လျာထားပြီးဖြစ်ပါတယ်။

မေး။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေကိုယ်တိုင်က ဥပဒေနဲ့အညီ သန့်သန့်ရှင်းရှင်း ဝင်ရောက် ယှဉ်ပြိုင်သင့်တယ်လို့ ဆရာကြီးအနေနဲ့ ပြောကြားထားပါတယ်။ မေလ ၂၃ ရက်နေ့ကနိုင်ငံရေး ပါတီ ၂၆ ပါတီက အိတ်ဖွင့်ပေးစာ ပေးတာလည်းရှိပါတယ်။ ဒီအပေါ်မှာ ကော်မရှင်က သတင်းထုတ်ပြန်ချက် ပြန်လည်ထုတ်ပြန်ပေးခဲ့တာလည်း ရှိပါတယ်။ အဲဒီအခြေအနေတွေ အပေါ်မှာ ဆရာကြီးရဲ့ အမြင်၊ သုံးသပ်ချက်ကိုလည်း သိပါရစေ။

ဖြေ။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ဥပဒေနဲ့အညီလွတ်လပ်ရမယ်၊ တရားမျှတရမယ်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ အများယုံကြည်လက်ခံနိုင်ရမယ်၊ ဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို ဖော်ထုတ်ပေးနိုင်ရမယ်ဆိုတဲ့ စံ ၅ ချက်နဲ့အညီ ဆောင်ရွက်သွားမယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီလို ဆောင်ရွက်သွားတဲ့နေရာမှာ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ တာဝန်ရှိသူအားလုံးကလည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်တွေနဲ့အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လည်း အထူးလိုအပ်ပါတယ်။

မေး။  ရွေးကောက်ပွဲတစ်ခုကျင်းပရာမှာ ရွေးကောက်ပွဲကော်မရှင်ရုံးခွဲရဲ့ စီမံခန့်ခွဲမှုကလည်း အရေးကြီးပါတယ်။ မြို့နယ်ကော်မရှင်ရုံးတွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ခိုင်မာအားကောင်းစွာ ဆောင်ရွက်ပေးနိုင်ဖို့ ကော်မရှင်အနေနဲ့  ဆောင်ရွက်နေတာတွေ ရှိရင်လည်း ရှင်းပြပေးပါဦး။

 

ဖြေ။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုစီမှာ အဖွဲ့ဝင်တစ်ဦးစီကို ခွဲဝေတာဝန်ချပေးထားပါတယ်။ အခုဆိုရင် အဖွဲ့ဝင် တစ်ဦးစီဟာ ကိုယ်တာဝန်ကျရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ဆင်းပြီး ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က တာဝန်ရှိသူတွေ၊ ဆိုင်ရာနိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့တွေ့ဆုံပြီး ရွေးကောက်ပွဲလုပ်ငန်းတွေကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ ဆွေးနွေးပွဲတွေ ပြုလုပ်နေပါတယ်။ ဒါဟာ ဒီတစ်ကြိမ်တည်း မကပါဘူး။ ဆက်ပြီးတော့လည်း ဒီလို ဆွေးနွေးညှိနှိုင်းကြခြင်းအားဖြင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ပိုပြီးအားကောင်းလာမှာ ဖြစ်ပါတယ်။

မေး။  နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ သတ်မှတ်အချိန်ဇယားအတိုင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ပါတီတွေနဲ့ အစောဆုံး ဘယ်တော့လောက်တွေ့ ဖြစ်မယ်ဆိုတာနဲ့ ပြည်သူတွေ ရွေးကောက်ပွဲမှာ ပါဝင်လာဖို့ ဘာတွေဆောင်ရွက်နေတယ်ဆိုတာ ပြောပြပေးစေ လိုပါတယ်။

ဖြေ။    အခု တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်တွေမှာ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံမှုတွေ စတင်လုပ်နေပါပြီ။ မကြာခင်မှာ နိုင်ငံရေးပါတီတွေ အားလုံးနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံသွားမှာပါ။ တစ်ကြိမ်မကပါဘူး။ လိုအပ်သလို တွေ့ဆုံသွားဖို့ စီစဉ်ထားရှိပြီးဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပသွားနိုင်ရေးအတွက် မဟာဗျူဟာစီမံချက်တစ်ရပ် ရေးဆွဲပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ စီမံချက်မှာပါတဲ့ လုပ်ငန်းအစီအစဉ်တွေအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမှာပါ။ အခုဆိုရင် မဲစာရင်းကောက်ယူခြင်း၊ ပြုစုခြင်းလုပ်ငန်းတွေ စတင်နေပါပြီ။ အခု ၂၀၁၉ ခုနှစ် ကို မဲစာရင်းပြုစုခြင်းနှစ်လို့ သတ်မှတ်ဆောင်ရွက်လျက်ရှိပါတယ်။

မေး။  ဆရာကြီးအနေနဲ့ ပြည်သူတွေသိရှိစေဖို့ ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောကြားပေးပါ။

ဖြေ။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ စောစောက ပြောခဲ့တဲ့ အတိုင်း လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် စံ ၅ ချက်နှင့်အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါလို့ ပြောကြားလိုပါတယ်။

တွေ့ဆုံမေးမြန်း-ရှင်မင်း