မောင်စာဂ
၂၀၂၀ ပြည်နှစ် ရွေးကောက်ပွဲ ဘယ်တော့ကျင်းပမှာလဲ သိချင်နေကြသည်။ ၂၀၂၀ ပြည့်နှစ် အတွင်းကျင်းပမည်ကို သိနေကြသော်လည်း ဘယ်ရက်မှာ ကျင်းပမည်။ ဘယ်ရက်မှာ အသိပေး ကြေညာလိမ့်မည်ကို သိလိုကြသဖြင့် မေးမြန်းနေကြခြင်းဖြစ်သည်။ ယခင်ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲများ ဘယ်နေ့ကျင်းပခဲ့သလဲ။ ဘယ်လိုကြေညာပေးခဲ့သလဲ။ အနှစ်ချုပ်၍ မျှဝေပါရစေ။
၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ
၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၁-၈-၂၀၁၀ ရက်စွဲပါ ကြေညာချက် အမှတ် ၈၅ / ၂၀၁၀ ၊ ၈၆/ ၂၀၁၀ ၊ ၈၇/ ၂၀၁၀ နှင့် ၈၈ / ၂၀၁၀ တို့ဖြင့် ရွေးကောက်ပွဲကျင်းပမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ၆၆၀ နေရာနှင့် တိုင်းဒေသြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ် တို့ကို ကြေညာပေးခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၁၃-၈-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် ၈၉/ ၂၀၁၀ ဖြင့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် (တနင်္ဂနွေနေ့) တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း သတ်မှတ်ကြေညာပေးခဲ့သည်။ ရွေးကောက်ပွဲကျင်းပမည့် ရက် မတိုင်မီ ၂ လ နှင့် ၂၄ ရက်အလိုတွင် ကြေညာခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၃-၈-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် ၉၀/ ၂၀၁၀ ဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းစတင်တင်သွင်းနိုင်သည့် နေ့ရက်နှင့် နောက်ဆုံး တင်သွင်းနိုင်သည့်နေ့ရက် (၁၆-၈-၂၀၁၀ မှ ၃၀-၈-၂၀၁၀ ထိ)၊ ကိုယ်စားလှယ်လောင်း တင်သွင်းလွှာများကို စိစစ်မည့်နေ့ရက် (၆-၉-၂၀၁၀ မှ ၁၀-၉-၂၀၁၀ထိ)၊ ကိုယ်စားလှယ်လောင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုလျှင် ရုပ်သိမ်းလိုသည့် နောက်ဆုံးနေ့ရက် (၃-၉-၂၀၁၀) တို့ကို ကြေညာပေးခဲ့သည်။
၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁-၇-၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် ၂၂/၂၀၁၅၊ ၂၃/၂၀၁၅၊ ၂၄/၂၀၁၅၊ ၂၅/၂၀၁၅ တို့အရ ရွေးကောက်ပွဲကျင်းပမည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ၆၄၄ နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် ၂၉ နေရာကို သတ်မှတ်ကြေညာပေးခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့စွဲပါ ကြေညာချက် အမှတ် ၂၈/၂၀၁၅ အရ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် (တနင်္ဂနွေနေ့)တွင် လွှတ်တော်အသီးသီးအတွက် အထွေထွေရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း သတ်မှတ် ကြေညာပေးခဲ့သည်။ ရွေးကောက်ပွဲကျင်းပမည့်ရက် မတိုင်မီ ၄ လအလိုတွင် ကြေညာခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့စွဲပါ ကြေညာချက် အမှတ် ၂၉/၂၀၁၅ အရ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်တင်သွင်းနိုင်သည့် နေ့ရက်နှင့် စာရင်းတင်သွင်းနိုင်သည့် နောက်ဆုံးနေ့ရက် (၂၀-၇-၂၀၁၅ ရက်နေ့မှ ၈-၈-၂၀၁၅ ရက်နေ့အထိ)၊ အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက် (၁၁-၈-၂၀၁၅ ရက်နေ့)၊ အမည်စာရင်း တင်သွင်းလွှာများကို စိစစ်မည့်နေ့ရက် (၁၂-၈-၂၀၁၅ရက်နေ့မှ ၂၁-၈-၂၀၁၅ ရက်နေ့) တို့ကို ကြေညာပေးခဲ့သည်။
မြန်မာနိုင်ငံတော်တစ်ဝန်းလုံး ဇွန်၊ ဇူလိုင်လများအတွင်း မုတ်သုန်မိုး သည်းထန်စွာရွာသွန်း မှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ စသည့်သဘာဝဘေး အန္တရယ်များကြောင့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၅ ခုနှစ် သြဂုတ်လ ၃ ရက်နေ့စွဲပါ ကြေညာချက်အမှတ် ၄၁/၂၀၁၅ အရ ပြင်ဆင်သတ်မှတ်ကြေညာပေးခဲ့သည်။ သို့ရာတွင် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ပြင်ဆင်သတ်မှတ်ခြင်း မရှိခဲ့ပါ။
ရွေးကောက်ပွဲဘယ်တော့ကျင်းပမှာလဲ
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်များ၏သက်တမ်းသည် ငါးနှစ် သတ်မှတ် ထားသည်။ ငါးနှစ်ကိုရေတွက်ရာ၌ ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်ကျင်းပမည့်ရက်မှစ၍ ရေတွက်သည်။ ငါးနှစ်ပြည့်လျှင် သက်တမ်းကုန်ဆုံးသည်။ ထို့ပြင် အထွေထွေရွေးကောက်ပွဲ ကျင်းပ ပြီးသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်အစည်းအဝေးများကို ခေါ်ယူကျင်းပသည်။ ဖော်ပြပါသတ်မှတ်ချက် များအပေါ် ရှုထောင့်ပေါင်းစုံမှ စိစစ်သုံးသပ်မှုများပြုလျက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကို ယင်းနှစ် နိုဝင်ဘာလ ၇ ရက် နေ့တွင်လည်းကောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ယင်းနှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင် လည်းကောင်း ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကိုလည်း ယခင်ရွေးကောက်ပွဲများကျင်းပခဲ့သည့် ကာလအတိုင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းမှာပင် ကျင်းပလိမ့်မည်ဟု မျှော်လင့်ရပါသည်။
ရွေးကောက်ပွဲကျင်းပမည့်ရက်ဘယ်တော့ကြေညာမှာလဲ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲတစ်ခုကျင်းပတော့မည်ဆိုလျင် ယခင် ကျင်းပခဲ့သည့်ရွေးကောက်ပွဲများတွင် ဆောင်ရွက်ခဲ့သည့် လုပ်နည်းလုပ်ဟန်များအတိုင်း စံနမူနာထား၍ လိုက်နာဆောင်ရွက်ခဲ့သည်ကိုလည်း လေ့လာသိရှိရသည်။ ယခု ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကိုလည်း ယခင်ဆောင်ရွက်ခဲ့သည့် ထုံးနည်းများကို အမှီသဟဲပြု၍ သင့်လျော်မည့် ရက်တွင် ထုတ်ပြန်ကြေညာပေးလိမ့်ဟု မျှော်လင့်ရသည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ပါဝင်ပူးပေါင်းဆောင်ရွက်မှုများ
ရွေးကောက်ပွဲတစ်ခုကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများ ချောမောအဆင်ပြေစွာ ဆန္ဒပြုမဲ ပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်အတူ သက်ဆိုင်သည့်ဌာန၊ အဖွဲ့အစည်း များက ဘက်စုံထောင့်စုံမှပူးပေါင်းပါဝင် ဆောင်ရွက်ကြရသည်။ ရွေးကောက်ပွဲကြိုတင် ပြင်ဆင်ခြင်း၊ အချိန်ဇယားရေးဆွဲသည်မှ လူဦးရေနှင့် မဲစာရင်းပြုစုခြင်း၊ မဲရုံများကြီးကြပ်ခြင်း၊ မဲရလဒ်ရေတွက်ခြင်းနှင့် ကြေညာပြီးသည်အထိ စသည်စသည် ပြုဖွယ်တွေကများလှသည်။ သူ့ကဏ္ဍနှင့်သူ တက်ညီလက်ညီ ဆောင်ရွက်ကြမှသာ ရွေးကောက်ပွဲတစ်ခု အောင်မြင်စွာပြီးမြောက် နိုင်ပါမည်။
ယင်းသို့သော ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပြန်ကြားရေးဝန်ကြီးဌာနက ပါဝင် ဆောင်ရွက်ရမှု အခန်းကဏ္ဍသည် မြင့်မားပါသည်။ အရေးကြီးပါသည်။ အဓိကအခန်းကဏ္ဍတစ်ရပ်မှ တာဝန်ယူ ဆောင်ရွက်ပေးရသည်ဟုလည်း ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ပါနည်း။ ရွေးကောက်ပွဲ တွင် အဓိကကျသည့် ဆန္ဒမဲလက်မှတ်များကို တာဝန်ယူ၍ ရိုက်နှိပ်ပေးရသည်။ စက္ကူသား ကောင်းရန် လိုသည်။ ဆေးမင်ကောင်းရသည်။ လုံခြုံမှုရှိရသည်။ ဆန္ဒမဲလက်မှတ် ၅၀ ကိုတစ်အုပ်၊ အဖုံးနှင့်တကွ စနစ်တကျ ချုပ်ပေးသည်။ ကြိုတင်မဲလက်မှတ်အတွက် စာအိတ်ကြီးစာအိတ်ငယ်၊ လွှတ်တော်အလိုက် မဲပုံးများတွင် ကပ်ရသည့်စာရွက်များ (အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင်) ရိုက်နှိပ်ပေးရသည်။ လိုအပ်သည့်အရေအတွက်အတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရသည်။
ထို့ပြင် ရေဒီယို ၊ ရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများမှနေ၍ ရွေးကောက်ပွဲအသိပညာ ပေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးရသည်။ တေးသီချင်းများ၊ ဇာတ်လမ်းတိုများ၊ မဲဆန္ဒရှင်အသိ ပညာပေးစာတမ်းများ ထုတ်လွှင့်ပေးရသည်။ မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံရေးပါတီများ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တို့ကို နိုင်ငံရေးပါတီအလိုက် ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှ ထုတ်လွှင့်နိုင်ရန် စီစဉ်ပေးရသည်။ အခြားအသေးစိတ်လုပ်ငန်းများ ဆောင်ရွက်ရသည်လည်းရှိသည်။
ဤသို့သောအခြေအနေတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် ဦးဆောင်လျက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဒုတိယ အမြဲတမ်းအတွင်းဝန်တို့သည် ၁၃-၃-၂၀၂၀ ရက်နေ့၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတို့နှင့် တွေ့ဆုံကာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအတွက် ဆောင်ရွက်ရန်ရှိသည်များ၊ ကြိုတင်ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ထား ရှိမှုများကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အားရကျေနပ်စရာအဖြစ် ရှုမြင်ရသည်။
ပြောသင့်သည့်အချိန်ပြောပါမည်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဘယ်နေ့ကျင်းပမည်လဲ။ ဘယ်ရက်တွင် ကြေညာပေးမည် လဲဆိုသည့် မေးမြန်းချက်များနှင့် စပ်လျဉ်း၍ ယခင်ကကျင်းပပေးခဲ့သည့် ရက်၊ ယခင်ကကြေညာ ပေးခဲ့သည့်ရက်များကို လေ့လာမှတ်သား၍ ဖော်ပြလိုက်ရခြင်းဖြစ်သည်။ ပြောသင့်သည့်အချိန်တွင် ပြောစရာရှိသည်ကို ပြောပါမည်။ ဆန္ဒစော၍လည်း မရပါ။ နောက်ကျ၍ လည်းမဖြစ်ပါ။ မည်သည့် အကြောင်းကိစ္စမဆို သူ့အချိန်နှင့်သူ ချိန်ကိုက်လုပ်ဆောင်ကြရသည်။ သူ့အပိုင်းနှင့်သူ။ သူ့ကဏ္ဍနှင့် သူ၊ ပြုဖွယ်မှန်သမျှကို ပစ္စုပ္ပန်တည့်တည့်ကြည့်၍ ပြီးမြောက်အောင် လုပ်ဆောင်ကြခြင်းဖြင့် လုပ်ငန်းစဉ်ကြီးတစ်ခုလုံး ချောမောအောင်မြင်မည့်ဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ထုတ်ပြန် သင့်သည့်အချိန်တွင် ထုတ်ပြန်စရာရှိသည်များကို ထုတ်ပြန်ပေးလိမ့်မည်ဟု မျှော်လင့်ရသည်။ လုပ်ငန်းစဉ်တစ်လျောက် ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ကြသည့် ဌာန၊ အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ဆောင်ရွက်မည့် အရပ်ဘက်အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲစိတ်ဝင်စားသူများ၊ ပြည်သူများနှင့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မိမိတို့ဆောင်ရွက်ရန် ရှိသည်များကို အဆင်သင့်ပြင်ဆင်ဆောင်ရွက် ပြီးစီးထားဖို့ လိုအပ်ကြပါမည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ တစ်ဦးချင်းတစ်ဖွဲ့ချင်း ပြည်သူအားလုံး သာယာချမ်းမြေ့ အောင်မြင်မှုတွေ ရရှိကြစေလိုကြောင်းပါ။
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းစဉ်များကို ထုတ်ပြန်သင့်သည့်အချိန်တွင် ထုတ်ပြန်ကြေညာပေးနိုင်ပါစေ၊
- နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဝင်မည့်ပုဂ္ဂိုလ်များ ဆောင်ရွက်ရန်ရှိသည်များကို ပြီးစီးအောင် ပြင်ဆင်ဆောင်ရွက်ထားနိုင်ကြပါစေ၊
- ပြည်သူအားလုံး ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့်အတူ ကျန်းမာပျော်ရွှင်သာယာ ချမ်းမြေ့ အောင်မြင်မှုတွေရကြပါစေ။