မောင်စာဂ

ရွေးကောက်ပွဲတစ်ခု ကျင်းပတော့မည်ဆိုလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တာဝန်ယူ၍ ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်ရသည်။ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲရုံမှုးနှင့်မဲရုံအဖွဲ့ဝင်များက လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ လက်တွေ့ အကောင်အထည်ဖော် စီမံခန့်ခွဲ ဆောင်ရွက်ကြရသည်။

 

ယင်းသို့ ရွေးကောက်ပွဲစီမံခန့်ခွဲမှုအပိုင်းတွင် နိုင်ငံဝန်ထမ်းများက မည်သည့်အခန်းကဏ္ဍတွင် ပါဝင်၍ တာဝန်ယူဆောင်ရွက်ကြရကြောင်း " ရွေးကောက်ပွဲနှင့်ရွေးကောက်ပွဲတာဝန်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ "ခေါင်းစဉ်ဖြင့် ဆောင်းပါးအမှတ်စဉ် (၁၃)တွင် ရေးသားခဲ့သည်။ ယခု နိုင်ငံရေး ပါတီများက ရွေးကောက်ပွဲစီမံခန့်ခွဲမှုအပိုင်းတွင် မည်သည့်အခန်းကဏ္ဍမှ မည်သို့ပါဝင်ဆောင်ရွက် ရပါသနည်း။ အနှစ်ချုပ်၍ မျှဝေပါရစေ။

 

စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်နှင့်လုပ်ငန်းတာဝန်

ရွေးကောက်ပွဲတစ်ခုကိုကျင်းပရာတွင် ချောမောအောင်မြင်စေရေးအတွက် ရွေးကောက်ပွဲ ကာလတစ်လျှောက် ဖြစ်ပေါ်လာမည့် အငြင်းပွားမှုများကို စေ့စပ်ဖြေရှင်းပေးရန် စေ့စပ်ညှိနှိုင်း ရေးကော်မတီ အဆင့်ဆင့်ကို နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များပါဝင်၍ ဖွဲ့စည်းဆောင်ရွက်သည်။

 

ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် နိုင်ငံခြားရေး၊ နယ်စပ်ရေးရာ၊ ပြန်ကြားရေး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား၊ ပညာရေး၊ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနများနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးတို့မှ ကိုယ်စားလှယ်(၁)ဦးစီတို့သည် အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။ ထို့ပြင် ရွေးကောက်ပွဲ ဝင်ရောက်သည့် ကိုယ်စားလှယ်လောင်းအများဆုံး တင်သွင်းသည့် နိုင်ငံရေးပါတီ ၁၀ ခုမှ ကိုယ်စားလှယ် ၁ ဦးစီကို အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းသည်။

 

တိုင်းဒေသကြီး/ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီတို့တွင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌတို့က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်သည်။ ထို့ပြင် ယင်းနယ်မြေများမှ ဩဇာတိက္ကမရှိသူ အနည်းဆုံး ၅ ဦးနှင့် ယင်းနယ်မြေအတွင်းရှိ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများမှ ကိုယ်စားလှယ်  ၁ ဦးစီကို အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းသည်။

 

ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက အဖွဲ့ဝင်အဖြစ် ပါဝင်သည်။ ထို့ပြင် ခရိုင်တွင်းရှိ ဩဇာတိက္ကမရှိသူ အနည်းဆုံး ၅ ဦးနှင့် ခရိုင်အတွင်းရှိ ရွေးကောက် ပွဲဝင်ရောက် ယှဉ်ပြိုင်သည့် ပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ် ၁ ဦးစီကို အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းသည်။

 

မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက အဖွဲ့ဝင် အဖြစ် ပါဝင်သည်။ ထို့ပြင် မြို့နယ်အတွင်းရှိ ဩဇာတိက္ကမရှိသူ အနည်းဆုံး ၅ ဦးနှင့် မြို့နယ် အတွင်းရှိ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ ကိုယ်စားလှယ် ၁ ဦးစီကို အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းသည်။

 

ရွေးကောက်ပွဲစေ့စပ်ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့်တို့၏ လုပ်ငန်းများထဲမှ အဓိကကျ သောလုပ်ငန်းများကို ကောက်နုတ်ဖော်ပြရလျှင် မဲဆွယ်စည်းရုံးရေးကာလအတွင်း လွှတ်တော် ကိုယ်စားလှယ်လောင်းများ အချင်းချင်းအကြား၊ နိုင်ငံရေးပါတီများ အချင်းချင်းအကြား၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများအကြား သို့မဟုတ် ရွေးကောက်ပွဲ စီမံခန့်ခွဲသူများအကြား ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို ဥပဒေ၊ နည်းဥပဒေများ၊ ကျင့်ဝတ် များနှင့်အညီဖြစ်စေရေး စေ့စပ်ညှိနှိုင်းဆောင်ရွက်ကြရသည်။ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အကူအညီတောင်းခံရန် လိုအပ်ချက်များရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများကိုဖိတ်ကြား၍ ညှိနှိုင်းဆောင်ရွက်ပေးရသည်။

 

မဲရုံအသီးသီးတွင်ပါဝင်ဆောင်ရွက်ခွင့်

လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးစီတိုင်းသည် မဲရုံတိုင်းတွင် ဆန္ဒမဲပေးခြင်းကိစ္စ များကိုစောင့်ကြည့်၍ လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် မဲရုံကိုယ်စားလှယ် နှစ်ဦးကျစီ ထားရှိခွင့် ရှိသည်။ ယင်းမဲရုံကိုယ်စားလှယ်များအား သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲက ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ခန့်စာများထုတ်ပေးရသည်။ ပါတီကိုယ်စားပြု ရွေးကောက်တင်မြှောက်ခံရမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းတိုင်းသည် ၎င်းတို့ပါတီဝင်များကိုသာ မဲရုံကိုယ်စားလှယ်များအဖြစ် ခန့်အပ် တာဝန်ပေးကြသည်။ မဲဆန္ဒနယ်တစ်နယ်တွင် အနည်းဆုံးပါတီ ၂ခု၊ ၃ခုမှ အများဆုံး ၁၀ခု၊ ၁၅ ခုအထိ ဝင်ရောက်ယှဉ်ပြိုင်တတ်လေ့ရှိရာ မဲရုံတစ်ရုံလျှင် နိုင်ငံရေးပါတီများ၏ မဲရုံ ကိုယ်စားလှယ် အနည်းဆုံး ၄ ဦးမှ အများဆုံး ၃၀ ဦးအထိ ရှိနိုင်သည်။

 

မဲရုံကိုယ်စားလှယ်များသည် ဆန္ဒမဲပေးသည့်နေ့ရက်ရောက်သည့်အခါ မဲရုံမဖွင့်မီ နံနက် ၅ နာရီ မထိုးခင်ကတည်းက မိမိတို့တာဝန်ကျသည့် မဲရုံများသို့အရောက်သွားကြရသည်။ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများက မဲရုံမှူးသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲစာရင်းများ၊ မဲဆန္ဒနယ်အတွင်းရှိ မဲဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲပေးထားသည့် ပုံစံ ၁၃ များ လာအပ်သည့်အခါ စောင့်ကြည့်ကြရ သည်။ ဥပဒေနှင့်မညီသည့် ပြုမူဆောင်ရွက်ချက်များတွေ့ရှိလျင် ကန့်ကွက်ပြောကြားနိုင်သည်။

 

မဲရုံဖွင့်သည့် နံနက် ၆ နာရီမှစတင်၍ မဲရုံပိတ်ပြီး ဆန္ဒမဲများရေတွက်ခြင်းနှင့် မဲရလဒ်များ ကြေညာပြီးသည်အထိ သတ်မှတ်ထားသည့်အတိုင်း မဲရုံအတွင်း ဝင်ခွင့်နေထိုင်ခွင့်ရှိသည်။ မဲရုံမှူးက မဲရုံကိုယ်စားလှယ်များ နေထိုင်နိုင်ရန်  နေရာစီစဉ်ဆောင်ရွက်ထားရှိသည်။ မဲဆန္ဒရှင်အမှန်တကယ် ဟုတ်မဟုတ်၊ ကိုယ်စားလာပေးသည်လား၊ အယောင်ဆောင်လာပေးသည်လား၊ နှစ်ကြိမ်နှစ်ခါ လာပေးသည်လား၊ ဆန္ဒမဲလက်မှတ်တစ်ခုထက်ပို၍ ထုတ်ပေးသည်လား၊ မဲရုံအတွင်း မဲဆွယ်ခြင်း ပြုသည်လား၊ မသမာမှုတွေပြုသည်လား၊ လျှို့ဝှက်ဆန္ဒမဲပေးခြင်းမှန်သည်လား၊ မဲပုံးထဲသို့ထည့် သည်လား၊ တစ်မဲထက်ပို၍ထည့်သည်လား အစဉ်သဖြင့် စောင့်ကြပ်ကြည့်ရှုနေရသည်။ မဟုတ်မမှန် တွေ့သည်နှင့် သို့မဟုတ် ဥပဒေနှင့်မညီဘဲ ဆောင်ရွက်သည်ကိုမြင်သည်နှင့် ချက်ချင်း မဲရုံမှူးသို့ ကန့်ကွက်ပြောကြားရသည်။ မဲရုံရှိ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင် အဖွဲ့ဝင်များသို့လည်း တင်ပြရသည်။ မိမိတို့၏ရွေးကောက်ပွဲကိုယ်စားလှယ်ထံသို့လည်း ဆက်သွယ်ပြောကြားရသည်။   

 

ထို့ပြင် ဆန္ဒမဲလက်မှတ်ရေတွက်ခြင်းသည် အရေးကြီးသည်။ မဲရုံကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင်ပင် ရေတွက်ရသည်။ မဲရုံမှူးက ပယ်မဲ၊ ခိုင်လုံမဲအဖြစ် သတ်မှတ်ကြေညာရာတွင် မဲရုံကိုယ်စားလှယ်များအနေဖြင့် သေသေချာချာ ကြည့်ရှုကြရသည်။ ကန့်ကွက်စရာရှိက ကန့်ကွက် နိုင်သည်။ တောင်းဆိုစရာရှိက တောင်းဆိုနိုင်သည်။ မဲရလဒ်စာရင်းများ ရေးသွင်းခြင်းကိုလည်း မဲရုံကိုယ်စားလှယ်များ၏ ရှေ့တွင်ပင် ရေးသွင်းရပြီး ထိုသို့စာရင်းသွင်းသည့် ပုံစံများပေါ်တွင် မဲရုံကိုယ်စားလှယ်များကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးကြရသည်။ မဲရုံမှူးကထုတ်ပိုးသည့် အထုတ်ကြီး၊ အထုတ်ငယ်များပေါ်တွင် မဲရုံမှူး၏ ချိတ်တံဆိပ်ရိုက်ရသကဲ့သို့ မဲရုံကိုယ်စားလှယ် များ၏ ချိတ်တံဆိပ်ကိုလည်း ရိုက်ခွင့်ရှိကြသည်။

 

ပဲ့ကိုင်များအသွင်ပါဝင်ထိန်းကျောင်းကြစေချင်

ယခုဖော်ပြချက်များသည် ရွေးကောက်ပွဲတစ်ခု၌ နိုင်ငံရေးပါတီများက ထဲထဲဝင်ဝင်ပါဝင် ဆောင်ရွက်ကြရသည့် လုပ်ငန်းစဉ်များထဲမှ ထင်သာမြင်သာရှိသည့် အနှစ်ချုပ်အချို့သာဖြစ်သည်။ ဤသည်ကိုကြည့်ခြင်းဖြင့် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲစီမံခန့်ခွဲသူများ၏ ရွေးကောက်ပွဲ စီမံခန့်ခွဲမှုများတွင် ပါဝင်ကူညီဆောင်ရွက်ခွင့် ရှိနေကြသည်။တစ်နည်းအားဖြင့် ရွေးကောက်ပွဲ စီမံခန့်ခွဲပိုင်ခွင့်ရှိသူများ၏ ရွေးကောက်ပွဲစီမံခန့်ခွဲရေး လုပ်ငန်းစဉ်များတွင် ဥပဒေနှင့်အညီဖြစ် စေရေး၊ တရားမျှတမှုရှိစေရေး၊ လွတ်လပ်သောရွေးကောက်ပွဲဖြစ်စေရေးဆီသို့ ဦးတည်ချက်တူ၊ ပန်းတိုင်တူ ပါဝင်ဆောင်ရွက်ခွင့်ရှိနေကြသည်။

 

လွတ်လပ်သော ရွေးကောက်ပွဲဖြစ်စေရေး၊ တရားမျှတမှုဖြစ်စေရေး၊ ဥပဒေနှင့်အညီ ဖြစ်စေရေးတို့အတွက် ပူးပေါင်းပါဝင် ထိန်းကျောင်းမှုပြုနိုင်ဖို့ဆိုလျင် စေ့စပ်ညှိနှိုင်းရေးကော်မတီ အဆင့်ဆင့် တွင်ပါဝင်ကြမည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များသည် လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များနှင့် မဲရုံကိုယ်စား လှယ်များသည်လည်းကောင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို နှံနှံစပ်စပ်၊ ကျွမ်းကျွမ်းကျင်ကျင် သိရှိနားလည်ထားကြဖို့ လိုအပ်မည်ဖြစ်သည်။ သို့မှသာ ရွေးကောက်ပွဲလုပ်ငန်း စဉ်များ မတိမ်းမစောင်း၊ မချွတ်ချော်စေရေး၊ မဲဆွယ်စည်းရုံးရေးကာလ ဖြစ်ပေါ်တတ်သော အငြင်းပွားမှုများနှင့် စေ့စပ်ညှိနှိုင်းရေးတို့တွင် ရွေးကောက်ပွဲစီမံခန့်ခွဲသူများနှင့်အတူ ပဲ့ကိုင်များအသွင် ပါဝင်ထိန်းကျောင်းသွားနိုင်ကြပါမည်။

 

ဥပဒေနှင့်အညီဖြစ်စေဖို့အားလုံးပါဝင်ကြပါစို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေထားသည့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာများနှင့် အယူခံမှုဆုံးဖြတ်ချက်များ (ကောက်နုတ်ချက်) စာအုပ်တို့ကို လေ့လာဖတ်ရှု သင့်ကြသည်။ အချို့သော ကန့်ကွက်လွှာအမှုများ၌ လွတ်တော်ကိုယ်စားလှယ်လောင်းနှင့် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်တို့ကိုယ်တိုင်ကပင် ရွေးကောက်ပွဲဥပဒေများနှင့် နည်းဥပဒေများကို သေချာလေ့လာ ဖတ်ရှုဖူးခြင်းမရှိခဲ့ကြကြောင်း တွေ့ရသည်။ ဤသို့ဆိုလျင် ၎င်းတို့ကခန့်ထားသော မဲရုံကိုယ်စားလှယ်များအနေဖြင့် မည်သို့သော အနေအထားတွင် ရှိနေကြမည်နည်း စဉ်းစားမိသည်။

 

ယခု ၂၀၂၀ ပြည့်နှစ်အတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များနှင့် မဲရုံများတွင် တာဝန်ယူကြရမည့် မဲရုံကိုယ်စားလှယ်များ၊ စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့်တွင် ပါဝင် ကြမည့် နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များသည် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းစဉ် များကို မိမိတို့ကိုယ်တိုင်က ကောင်းစွာသိရှိနားလည်ကြရန် လိုအပ်သည်။ ထိုသို့ သိရှိနားလည်စေရန် ဆွေးနွေးပွဲများ၊ သင်တန်းများပြုလုပ်၍ ရှင်းလင်းအသိပေးပြီး အထွေထွေ ရွေးကောက်ပွဲကြီး လွတ်လပ်ရေး၊ တရားမျှတရေး၊ ဥပဒေနှင့်အညီ ဖြစ်စေရေးတို့အတွက် ထောက်ပြ၊ ဝေဖန်၊ အကြံပြု ပါဝင်ကူညီဆောင်ရွက်ပေးကြစေလိုကြောင်းပါဗျာ။

  • ရွေးကောက်ပွဲစီမံခန့်ခွဲသူများ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ကြပါစေ၊
  • နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါဝင်ကူညီ ဆောင်ရွက်နိုင်ကြပါစေ၊
  • လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီးဆီသို့ ဦးတည်နိုင်ကြပါစေ။