မောင်စာဂ

၂၀၂၀ ပြည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲသည် အထွေထွေရွေးကောက်ပွဲဖြစ်သည်။ ပါတီတွေ အားလုံး ဝင်ရောက်ယှဉ်ပြိုင်ကြမည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားများဆန္ဒမဲပေးကြမည်။ ထို့ကြောင့် အထွေထွေရွေးကောက်ပွဲဟူသည် အရေးကြီးသည်။ နိုင်ငံသူနိုင်ငံသားများ အတွက်လည်း အရေးကြီးသည်။ အထွေထွေရွေးကောက်ပွဲတစ်ရပ်တွင် နိုင်ငံသူနိုင်ငံသားများကဏ္ဍ အရေးကြီးသည်ဟု ဘာကြောင့်ဆိုရပါသနည်း။ အနှစ်ချုပ်မျှဝေပါရစေ။

 

ဒီမိုကရေစီ၏သဘော

လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းသည် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတည်းဟူသော အချုပ်အခြာအာဏာကြီးသုံးရပ် ရှိကြစမြဲဖြစ်သည်။ ဒီမိုကရေစီ ခေတ်၊ ဒီမိုကရေစီစံနစ်တွင် ယင်းအချုပ်အခြာအာဏာကြီးသုံးရပ်သည် လူတစ်ဦး၊ လူတစ်စု၊ လူတစ်ဖွဲ့ တို့၏ လက်ဝယ်တွင်မရှိ။ နိုင်ငံသားပြည်သူများ၏ လက်ဝယ်တွင်ရှိသည်။ နိုင်ငံသားများထံမှ ထိုအချုပ် အခြာ အာဏာကြီးသုံးရပ် သက်ဆင်းကြရစမြဲဖြစ်သည်။

 

နိုင်ငံသားဟုဆိုရာတွင်

နိုင်ငံသားဟုဆိုရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွား သူများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူ အားလုံးတို့သည့် နိုင်ငံသူနိုင်ငံသားများ ဖြစ်ကြသည်။

 

ရွေးကောက်ပွဲဖြင့်လွှဲအပ်ခြင်း

နိုင်ငံသားများသည် မိမိတို့လက်ဝယ်တွင်ရှိနေသော နိုင်ငံတော်၏ အချုပ်အခြာအာဏာ သုံးရပ်ကို မိမိတို့ ယုံကြည်အားကိုးလေးစားရသော နိုင်ငံသားများကိုလွှဲအပ်၍ ကျင့်သုံးဆောင်ရွက်စေသည်။ ထိုသို့ လွှဲအပ်ခြင်းကို ရွေးကောက်ပွဲများကျင်းပ၍ ဆန္ဒမဲပေးကာ လွှဲအပ်သည်။ လွှဲအပ်ရယူလိုသော နိုင်ငံသား များက ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်နိုင်ငံသားများက ဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ကြသည်။

 

ဘာကြောင့်ရွေးကောက်ပွဲအရေးကြီးရသလဲ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ကျင်းပမည့်ရွေးကောက်ပွဲဖြစ်သည်။ ထိုရွေးကောက်ပွဲကျင်းပပြီးသည်နှင့် ရွေးကောက်တင်မြှောက်ခံ ကြရသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်အသီးသီး ပြန်လည်ဖွဲ့စည်း ပေါ်ပေါက် လာမည်။ လွှတ်တော်အသီးသီး၏ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ ပြန်လည်ရွေးချယ်ကြမည်။ နိုင်ငံတော် အကြီးအကဲ သမ္မတနှင့် ဒုတိယသမ္မတများ ပြန်လည်တင်မြှောက်ကြမည်။ ပြည်ထောင်စုအစိုးရအဖွဲ့ အသစ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့သစ်များ ပေါ်လာမည်။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမည်။ နိုင်ငံသားများပိုင်ဆိုင်သော နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို ငါးနှစ်တာသက်တမ်းကာလအတွက် နိုင်ငံသူ၊ နိုင်ငံသားများကိုယ်စား တာဝန်ယူ၊ တာဝန်ခံ စီမံခန့်ခွဲအကောင်အထည်ဖော် ဆောင်ရွက်ရန် လွှဲပြောင်း အပ်နှင်းလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် အရေးကြီး သည်ဟု ဆိုရခြင်းဖြစ်သည်။

 

နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အနာဂတ်ဖြစ်သည်

ရွေးကောက်ပွဲသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အနာဂတ်ဖြစ်သည်ဟု ဆိုနိုင်သည်။ မိမိတို့၏ အနာဂတ်အတွက် မိမိတို့နိုင်ငံတော်ကို မည်သို့ဖြစ်စေလိုသလဲ။ မည်သို့သော အစိုးရမျိုးကို မိမိတို့လိုချင်ကြသလဲ။ မည်သည့်ပုံစံ၊ မည်သည့်စနစ်ဖြင့် မိမိတို့၏ အနာဂတ်ခရီးလျှောက်လှမ်း လိုသလဲ။ ရွေးကောက်ပွဲတွင် မိမိတို့စိတ်ကြိုက်ရွေးချယ်၍ ဆန္ဒမဲပေးနိုင်ကြသည်။ နိုင်ငံတော်နှင့် မိမိတို့၏အနာဂတ်အတွက် ရွေးကောက်ပွဲမှတစ်ဆင့် ဖန်တီးနိုင်စွမ်းရှိကြသည်။ မိမိတို့ကိုယ်တိုင် တည်ဆောက်ခွင့်ရှိကြသည်။

 

နိုင်ငံရေးဗန်းတင်ကြတော့မည်

ယနေ့ နိုင်ငံသူနိုင်ငံသားများသည် မိမိတို့ပြည်ထောင်စုကြီးကို ထာဝရငြိမ်းချမ်းသော ပြည်ထောင်စုကြီး ဖြစ်စေလိုကြသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး အေးအတူပူအမျှ၊ ခွင့်တူညီမျှနေကြ ရသည့် ဝါဒဖြူစင်သည် သာယာဝပြောဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီးမျိုးကို မြင်တွေ့လိုကြ သည်။ နိုင်ငံရေးပါတီများအားလုံးကလည်း ပြည်သူများ၏ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ပါတီများတည်ထောင်၍ ရွေးကောက်ပွဲများတွင် ပါဝင်အရွေးခံ ကြသည်။

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးအတွက် နိုင်ငံရေးပါတီများသည် မိမိတို့ပါတီ၏ မူဝါဒ သဘောတရားများကို ပြည်သူများသို့ ချပြကြပါတော့မည်။ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးဆိုသည့် မဟာဗျူဟာရည်မှန်းချက် ပန်းတိုင် ကတော့ တူညီကြမည်ထင်ပါသည်။ သို့ရာတွင် အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် နည်းဗျူဟာ လမ်းကြောင်းများတွင်မူ မိမိတို့၏ပါတီမူဝါဒသဘောတရားများအရ ကွဲပြားခြားနားမှု ရှိကောင်း ရှိနိုင်ပါမည်။

 

အချို့သော နိုင်ငံရေးပါတီများက နိုင်ငံရေးရှေ့တန်းတင်မည်။ အချို့က စီးပွားရေးဦးစားပေးမည်။ အချို့က တစ်ပြိုင်တည်းသွားမည်။ အလုပ်သမားရေး၊ လယ်သမားရေး၊ နိုင်ငံဝန်ထမ်းများ အရေး၊ ကျေးလက်ဒေသအရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စသည် စသည်ဖြင့် နိုင်ငံရေးပါတီများသည် မိမိတို့အားသန်ရာသန်ရာ မိမိတို့၏ပါတီမူဝါဒသဘောတရား၊ လုပ်ငန်းစဉ်များကို မဲဆန္ဒရှင်ပြည်သူများသို့ ချပြကြပါတော့မည်။ ဤသည်ကို နိုင်ငံရေးဗန်းတင်ခြင်း (Political marketing) ဟု ခေါ်ကြသည်။

 

နိုင်ငံရေးဗန်းတင်ခြင်းသည် စီးပွားရေးဈေးဗန်းတင်ခြင်း (Economic marketing)နှင့် ကွဲပြားခြားနား သည်။ စီးပွားရေးဈေးဗန်းတင်ခြင်းသည် စားသုံးသူများသို့ ရောင်းချရန်ဖြစ်သော်လည်း နိုင်ငံရေး ဈေးဗန်းတင်ခြင်းသည် ရောင်းချရန်သဘောမဟုတ်ပါ။ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်လိုသည်များကို ချပြရှင်းလင်း၍ ပြည်သူတို့၏ ထောက်ခံဆန္ဒမဲကို ပြည်သူတို့ထံမှ တောင်းဆိုခြင်းသာဖြစ်သည်။ ပြည်သူ့ဆန္ဒရယူလိုခြင်း ဖြစ်သည်။

 

မိမိတို့နှင့်တန်သည့် အစိုးရကိုမိမိတို့ရကြသည်

နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည် တစ်ပြည်တွင်နေထိုင်ကြသော နိုင်ငံသားပြည်သူများသည် မိမိတို့နှင့်တန်သည့် အစိုးရကို မိမိတို့ရရှိကြသည်ဟူ၍ နိုင်ငံရေးသုတေသီတို့ မှတ်ချက်ပြုပြောစကားကြားဖူးသည်။ ယခု ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မြန်မာနိုင်ငံသူ နိုင်ငံသားများသည် မိမိတို့လို့လားဆန္ဒရှိသည့် အစိုးရမျိုး မိမိတို့ရရှိအောင် ရွေးချယ်ကြရပါတော့မည်။ သာမန်အားဖြင့် လွှတ်တော်သက်တမ်း ငါးနှစ်အတွက် ရွေးချယ်ကြရသည်ဆိုသော်လည်း မိမိတို့အနာဂတ်တစ်လျှောက် လုံးအတွက် ကြည့်ကြရပါမည်။ မိမိတို့သားစဉ် မြေးဆက်အတွက် ကောင်းသောအမွေများကို ခိုင်မာစွာ မျိုးစေ့ချစိုက်ပျိုးပေးသွားနိုင်မည့်၊ မိမိတို့ ပြည့်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေး ခိုင်မာစွာအုတ်မြစ်ချ ပေးနိုင်မည့် အစိုးရမျိုး ဖြစ်ပေါ်လာရေးကို ရှေးရှုရွေးချယ်ကြရပါမည်။

 

ဒီမိုကရေစီနိုင်ငံများ၏ ရွေးကောက်ပွဲများသို့ သွားရောက်လေ့လာရသည့်အခါတိုင်း မည်ကဲ့သို့သော ဦးတည်ချက်စိတ်ထားများဖြင့် ဆန္ဒမဲပေးရွေးချယ်တတ်ကြသလဲ မေးမြန်းစူးစမ်း ကြည့်မိသည်။ နည်းလမ်းအသွယ်သွယ်ရှိတတ်ကြကြောင်း ဤသို့ သိရှိရသည်။

 

နှလုံးသားဖြင့် ရွေးချယ်တတ်ကြသည်၊ ဉီးနှောက်ဖြင့် ရွေးချယ်တတ်ကြသည်။ နှစ်မျိုးစလုံးဖြင့် ရွေးချယ် တတ်ကြသည်။ တူညီနေလျှင် နှလုံးသားကိုပို၍ ဦးစားပေးသည်။ ဦးနှောက်ကိုပို၍ ဦးစားပေးတတ်ကြ သည်လည်း ရှိသည်။

 

ပါတီကိုကြည့်၍ ရွေးချယ်တတ်ကြသည်။ ကိုယ်စားလှယ်လောင်းကိုကြည့်၍ ရွေးချယ်တတ်ကြသည်။ နှစ်မျိုးစလုံးဖြင့် ရွေးချယ်တက်ကြသည်။ တူညီနေလျှင် ကိုယ်စားလှယ်လောင်းကို ပို၍ ဦးစားပေးသည်။ ပါတီကိုပို၍ ဦးစားပေးတက်ကြသည်လည်း ရှိသည်။

 

မည်သည်ကအသင့်တော် အကောင်းမွန်ဆုံး ဖြစ်ပါသလဲဟူ၍ မေးမြန်းဆွေးနွေးကြည့်အခါ တိတိကျကျ အဖြေမပေးနိုင်ကြပါ။ သက်ဆိုင်ရာ နိုင်ငံ၏အခြေအနေ အချိန်အခါနှင့် ပကတိတည်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ပေါ်တွင်သာ မူတည်သည်ဟု အဖြေထွက်ပါသည်။

 

တာဝန်နှင့်အခွင့်အရေး

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတို့၏ မလွဲမသွေ ဆောင်ရွက်ရမည့် တာဝန်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏အကျိုးကို ကိုယ်စားပြု ဆောင်ရွက်နိုင်မည့် မိမိတို့လိုလားသောကိုယ်စားလှယ်ကို ရွေးချယ်နိုင်မည့် အခွင့်အရေး ကိုရရှိကြသည်။ မိမိတို့၏အနာဂတ်သည် မိမိတို့၏လက်ထဲတွင် ရှိနေသည်။ မိမိတို့ပေးလိုက်ကြသည့် ဆန္ဒမဲလက်မှတ် များက မိမိတို့၏အနာဂတ်ကို အဆုံးအဖြတ်ပြုသွားမည်။ မိမိတို့ပြည်ထောင်စုကြီးအတွက်၊ မိမိတို့ တစ်ဦးချင်းစီအတွက် မိမိတို့ကိုကိုယ်စားပြုဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်လောင်းကို မိမိတို့ လက်ဖြင့် ရွေးချယ်ခွင့်ရရှိကြတော့မည်။ ဤတာဝန်ကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံးက အလေးအနက်ထား၍ ကျေပွန်အောင် ဆောင်ရွက်ကြရပါတော့မည်။

 

ဤသို့ဖြင့် မင်္ဂလာရှိသော ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားများ အားလုံး တစ်ယောက်မကျန် ဆန္ဒမဲပေးကြခြင်းဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ ထာဝရငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးဆီသို့ ဦးတည်လျှောက်လှမ်းနိုင်ကြ စေလိုကြောင်းပါ။

  • ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားအားလုံး ဆန္ဒမဲလာရောက်ပေးနိုင်ကြပါစေ၊
  • မိမိတို့၏အနာဂတ်ကို မိမိတို့ကိုယ်တိုင် ရွေးချယ်တည်ဆောက်နိုင်ကြပါစေ၊
  • ထာဝရငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဆီသို့ ဦးတည်လျှောက် လှမ်းနိုင်ကြပါစေ။