မောင်စာဂ

ဒီမိုကရေစီခေတ်တွင် ရွေးကောက်ပွဲများရှိသည်။ ရွေးကောက်ပွဲများရှိနေလျှင် ဒီမိုကရေစီ ခေတ်ဖြစ်သည်။ ဒီမိုကရေစီစနစ်သည် ရွေးကောက်ပွဲကို အခြေခံသည်။ ရွေးကောက်ပွဲများဖြင့် ဒီမို ကရေစီစနစ် ထူထောင်တည်ဆောက်သည်။ ရွေးကောက်ပွဲမရှိလျှင် ဒီမိုကရေစီ ဆိတ်သုဉ်းရသည်။ ဒီမိုကရေစီ ရှင်သန်ရေးအတွက် ရွေးကောက်ပွဲများရှိနေရသည်။ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီ ခွဲခြား၍မရ။ ဒွန်တွဲနေသည်။ အနှစ်ချုပ်မျှဝေပါရစေ။

 

ဒီမိုကရေစီခေတ်၊ ဒီမိုကရေစီစနစ်

ယနေ့မြန်မာနိုင်ငံသည် မည်သည့်ခေတ်ကာလသို့ ရောက်ရှိနေသနည်း။ မည်သည့်စနစ်ကို ကျင့်သုံးနေသနည်းဟု မေးမြန်းလာပါလျှင် ဒီမိုကရေစီခေတ်သို့ ရောက်ရှိနေသည်။ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေသည်ဟု ဖြေဆိုရမည်သာ။ ဤသည်မှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏  လိုလားတောင့်တချက်အရ ဖြစ်သည်။

 

စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇ အရ နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ပုဒ်မ ၄၀၅ အရ နိုင်ငံရေးပါတီတစ်ရပ်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံ ကျင့်သုံးရမည် ဖြစ်သည်။ ထို့အပြင် ပုဒ်မ ၄၀၆ အရ နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။

 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ်က စတင်ကျင်းပခဲ့သည်။ နိုင်ငံရေးပါတီပေါင်းစုံ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ များ ကျင်းပနိုင်ခဲ့သည်။ ဒီမိုကရေစီရောင်ခြည်ဦး ပေါ်ထွက်လာသည်။ တိုင်းရင်းသားပြည်သူအပေါင်း တို့၏ လိုလားတောင့်တချက် ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံးတို့သည် ဒီမိုကရေစီ လင်းရောင်ခြည်ဦး အပျောက်မခံလိုကြ။ ဒီမိုကရေစီ ရောင်ခြည်အောက်တွင် မိမိတို့ပြည်ထောင်စု ကြီးကို တွေ့မြင်လိုကြသည်။ ဒီမိုကရေစီစနစ်ဖြင့် မိမိတို့ပြည်ထောင်စုကို ဖက်ဒရယ်ပြည်ထောင်စု ကြီးအဖြစ် တည်ဆောက်လိုကြသည်။

 

နုနယ်နေသေးသောဒီမိုကရေစီပင်ပျို

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့က စတင် ကျင်းပခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှစတင်၍ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ခဲ့ရာ ယနေ့အထိဆိုလျှင် ၁၀ နှစ်နီးပါးခန့် ရှိနေပြီဖြစ်သော်လည်း နုနယ်သေးသည့် ဒီမိုကရေစီ ဟုဆိုကြသည်။ အချို့က ဒီမိုကရေစီ အပင်ပေါက်စသာရှိသေးသည်ဟု ဆိုကြသည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်း ဖြစ်စဉ်နှင့်ယှဉ်၍ ပြောဆိုနေကြသည်သာ ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာလာခဲ့ပါပြီ။ ဒီမိုကရေစီ ခေတ် ဒီမိုကရေစီကာလဟူ၍ လွတ်လပ်ရေးစတင်ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှစ၍ ၁၉၆၂ ခုနှစ်အထိ ၁၃ နှစ်ခန့်ကာလကို သတ်မှတ်ခဲ့ကြသည်။ ယင်းကာလအတွင်း ပါလီမန်ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးများအဖြစ် ၁၉၅၁ နှင့် ၁၉၅၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၅၆ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၆၀ ပြည့်နှစ်တွင် တစ်ကြိမ်  စုစုပေါင်းသုံးကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၇၃ ခုနှစ်ကာလများအတွင် ရွေးကောက်ပွဲများမရှိခဲ့ပါ။ ထို့ကြောင့် ထိုကာလကို ဒီမိုကရေစီ ခေတ်ဟူ၍ မသတ်မှတ်ခဲ့ကြပါ။

 

၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ပြည်သူ့လွှတ်တော် နှင့် ကောင်စီအဆင့်ဆင့် ရွေးကောက် ပွဲများရှိခဲ့ပါသည်။ သို့ရာတွင် ထိုရွေးကောက်ပွဲများတွင် ပါတီပေါင်းစုံ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပါ။ နိုင်ငံရေးပါတီပေါင်းစုံ ဖွဲ့စည်းတည်ထောင်ခွင့် မရှိခဲ့ကြပါ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဟူ၍ တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့သည်။ ရွေးကောက်ပွဲများတွင် လမ်းစဉ်ပါတီကိုယ်စားလှယ် များ ပါဝင်အရွေးခံခဲ့သည်။ ထို့ကြောင့် ပါတီစုံဒီမိုကရေစီခေတ်ဟူ၍ သတ်မှတ်နိုင်ခြင်းမရှိဘဲ ဆိုရှယ်လစ် ဒီမိုကရေစီစနစ်ဟူ၍သာ သုံးနှုန်းပြောဆိုခဲ့ကြသည်။

 

၁၉၈၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပမှု ရှိခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရက ကြီးမှူး၍ ကျင်းပခဲ့သည်။ နိုင်ငံရေးပါတီ ပေါင်းစုံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖြစ်သည်။ သို့ရာတွင် ရွေးကောက်ပွဲရလဒ် အကောင်အထည်မဖော်နိုင်ခဲ့ပါ။

 

ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့က တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က တစ်ကြိမ်၊ နှစ်ကြိမ်သာ ကျင်းပပြီးစီးခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲများအနေဖြင့် ပထမအကြိမ် လွှတ်တော် သက်တမ်းအတွင်း လစ်လပ်လွှတ်တော်မဲဆန္ဒနယ် စုစုပေါင်း ၄၅ နေရာအတွက် ၂၀၁၂ ခုနှစ်က တစ်ကြိမ်၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း လစ်လပ်လွှတ်တော်မဲဆန္ဒနယ် စုစုပေါင်း ၁၉ နေရာအတွက် ၂၀၁၇ ခုနှစ်က တစ်ကြိမ်၊ လစ်လပ်လွှတ်တော် မဲဆန္ဒနယ်စုစုပေါင်း ၁၃ နေရာ အတွက် ၂၀၁၈ ခုနှစ်က တစ်ကြိမ် စုစုပေါင်းသုံးကြိမ်သာ ကျင်းပခဲ့သည်။ ယခု ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် သုံးကြိမ်မြောက် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ဖြစ်သည်။

 

မဲဆန္ဒရှင်များ၏ဆန္ဒမဲပေးမှု

 

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း ၂၉ သန်းကျော် ရှိခဲ့သည့်။ လာရောက် ဆန္ဒမဲပေးသူဦးရေ ၂၂ သန်းကျော် ရှိသဖြင့် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း၏  ၇၇ ရာခိုင် နှုန်းခန့် ဆန္ဒမဲပေးခဲ့ကြသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း ၃၄ သန်းကျော်ရှိခဲ့သည်။ လာရောက်ဆန္ဒမဲပေးသူဦးရေ  ၂၄ သန်းနီးပါးရှိသဖြင့် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၆၉ ရာခိုင်နှုန်း ခန့် ဆန္ဒမဲပေးခဲ့ကြသည်။

၂၀၁၂ ခုနှစ်တွင်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  ၆ သန်း ကျော်အနက်  ၄ သန်းကျော် လာရောက်ဆန္ဒမဲပေးကြသဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၆၈ ရာခိုင်နှုန်းခန့် ဆန္ဒမဲပေးခဲ့ကြသည်။ ၂၀၁၇ ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂ သန်းကျော်အနက်  ၇ သိန်းကျော် လာရောက် ဆန္ဒမဲပေးကြသဖြင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၃၇ ရာခိုင်နှုန်းခန့် လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  ၈ သိန်းကျော်အနက် ၄ သိန်းခန့် လာရောက် ဆန္ဒမဲပေးကြသဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းခန့်လည်းကောင်း ဆန္ဒမဲ ပေးခဲ့ကြသည်။

 

ဒီမိုကရေစီထာဝစဉ်ဖြစ်ထွန်းရေး

 

တိုင်းရင်းသားပြည်သူအားလုံးတို့သည် မိမိတို့လိုလားတောင့်တလာခဲ့ကြသည့် ဒီမိုကရေစီ ထာဝစဉ် ရှင်သန်နေစေရေး မိမိတို့တစ်ဦးစီတွင် လည်းကောင်း၊ စုပေါင်း၍လည်းကောင်း တာဝန် ရှိကြသည်။ ဒီမိုကရေစီ ထာဝစဉ်ဖြစ်ထွန်းနေစေရေး ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရမည်။

 

ဒီမိုကရေစီ ထာဝစဉ်ရှင်သန်နေစေရေး၊ ဒီမိုကရေစီ ထာဝစဉ်ဖြစ်ထွန်းနေစေရေး၊ ရွေးကောက် ပွဲများကို ဖြတ်သန်းသွားကြရပါမည်။ ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သည်။ ဒီမိုကရေစီရှင်သန်စေရေး၏ ရေသောက်မြစ်ဖြစ်သည်။ ဒီမိုကရေစီဖြစ်ထွန်းရေး၏ ပင်စည်ပင်မ ဖြစ်သည်။ မဲဆန္ဒရှင်တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြခြင်းဖြင့် ဒီမိုကရေစီ၏ရေသောက်မြစ် သန်မာထွားကြိုင်းစေသည်။ ဒီမိုကရေစီ၏ ပင်စည်ခိုင်မာအားကောင်း စေသည်။ ဒီမိုကရေစီရှင်သန်ရေး ရွေးကောက်ပွဲများ ကျင်းပပေးရပါမည်။

 

ရွေးကောက်ပွဲနှင့် ဒီမိုကရေစီရှင်သန်ရေး

"ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီအစစ်မဟုတ်။ ဒီမိုကရေစီအတုအယောင်၊ ဒီမိုကရေစီ အရေခြုံများ ရှိတတ်သည်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဟုဆိုတိုင်းလည်း စစ်မှန်သော ဒီမို ကရေစီမဖြစ်တတ်။ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖြစ်မှ ဒီမိုကရေစီသည်လည်း စစ်မှန်သော ဒီမို ကရေစီဖြစ်ပါမည်" ဟူ၍ နိုင်ငံရေးသုတေသီ၊ သမိုင်းသုတေသီများ၏ အဆိုအမိန့်များကို မှတ်သားဖူးသည်။

 

ယနေ့ တိုင်းရင်းသားပြည်သူ အပေါင်းတို့သည် ဒီမိုကရေစီစနစ်ကို လိုလိုလားလားရှိကြ သည်။ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအဖြစ် တည်ဆောက်လိုကြသည်။ ဤတွင် ဒီမိုကရေစီထာဝရ ရှင်သန်နေစေရေးသည် အဓိကအကျဆုံးအချက်ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူတိုင်း ဆန္ဒမဲ ပေးကြခြင်းဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ နုနယ်နေသေးသော ဒီမိုကရေစီမှ အားကောင်းခိုင်မာသော ဒီမိုကရေစီဖြစ်ထွန်းရေး၊ စစ်မှန်သောဒီမိုကရေစီ ထာဝရ ရှင်သန်စေရေး ဆီသို့ ဦးတည်လျှောက်လှမ်းနိုင်ကြစေလိုကြောင်းပါ။

  • ရွေးကောက်ပွဲတိုင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ကြပါစေ၊
  • စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီသို့ ဦးတည်နိုင်ပါစေ၊
  • စစ်မှန်သောဒီမိုကရေစီ ထာဝစဉ်ရှင်သန်နေပါစေ။